တောင်ကြီး သြဂုတ် ၂၇
ရှမ်းပြည်နယ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသည့် အသက်(၁၆) နှစ်နှင့် (၁၈)နှစ်အောက်ရှိ ကလေးများကို မိမိဘဝ ရပ်တည်နိုင်ရန်၊ မိသားစုဝင်ငွေတိုးတက်စေရန်နှင့် အန္တရာယ်ရှိသည့် အလုပ်အကိုင်များတွင် ကလေး အလုပ်သမား ပပျောက်စေရန်ရည်ရွယ်၍ ဖွင့်လှစ် ခဲ့သည့် လူသုံးကုန်၊ အလှကုန်နှင့် တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီက တောင်ကြီးမြို့ လူထုအခြေပြုဗဟိုဌာန ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။
ဦးစွာ ရှမ်းပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးကော်မတီနာယက၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်က အမှာစကား ပြောကြားပြီး လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းမှ သင်တန်းသား သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ကာ သင်တန်းသား သင်တန်းသူများ ထုတ်လုပ်ထားသည့် ထုတ်ကုန်ပစ္စည်းများကို လှည့်လည်ကြည့်ရှုသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ အားကစား ဝါသနာရှင်များသည် ဘက်စုံသုံး ပြည်နယ်လေ့ကျင့် ရေးရုံ၌ ကျင်းပလျက်ရှိသည့် ၂၀၂၅ ခုနှစ် တိုင်းဒေသ ကြီးနှင့်ပြည်နယ် ဖူဆယ်(အမျိုးသား) ပြိုင်ပွဲ ဗိုလ်လုပွဲ စဉ်အဖြစ် ရှမ်းပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်း ဒေသကြီးအသင်းတို့ ယှဉ်ပြိုင်နေမှုကို ကြည့်ရှု အားပေးသည်။
ဗိုလ်လုပွဲတွင် ရှမ်းပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို ငါးဂိုး-သုံးဂိုးဖြင့် အနိုင်ရရှိ သွားပြီး ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ အကောင်းဆုံး ဂိုးသမားဆု၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆုရရှိသူများ၊ တတိယဆုရရှိသော ကချင်ပြည်နယ်အသင်းကို တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု၊ ဒုတိယဆုရရှိသော ရန်ကုန်တိုင်းဒေသကြီး အသင်းကို တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုတို့ကို ပြည်နယ်ဝန်ကြီးများကလည်းကောင်း၊ ပထမဆုရရှိသော ရှမ်းပြည်နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ် ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီးကလည်းကောင်း ဆုများချီးမြှင့်ပေးအပ်ပြီး ရှမ်းပြည်နယ် ဝန်ကြီးချုပ်က ပြိုင်ပွဲတွင် ဒိုင်အဖြစ် ဆောင်ရွက်ပေးကြသည့် ဒိုင်အဖွဲ့ကို ဂုဏ်ပြုချီးမြှင့်ငွေနှင့် ပထမဆုရ ရှမ်းပြည်နယ်အသင်းကို ငွေသားဆုနှင့် ဆုဖလားတို့ကို ချီးမြှင့်ပေးအပ်သည်။
ယင်းနောက် ပထမဆုရ ရှမ်းပြည်နယ်အသင်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့က ထပ်ဆောင်း ဂုဏ်ပြုငွေ ကျပ်သိန်း ၁၀၀၊ ရှမ်းပြည်နယ် ဖူဆယ်အောင်နိုင်ရေး ကော်မတီက ငွေကျပ်သိန်း ၁၀၀၊ ရှမ်းပြည်နယ် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌက ငွေကျပ်သိန်း ၅၀၊ ဒုတိယ ဥက္ကဋ္ဌက ငွေကျပ်သိန်း ၃၀၊ ရွိုင်ရယ်တောင်ကြီး ဟိုတယ်က ငွေကျပ်သိန်း ၂၀ တို့ကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ချီးမြှင့်ပေးအပ်ကြကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)


