ဩဂုတ် ၂၈
ဂျပန်နိုင်ငံအနောက်တောင်ပိုင်းရှိ ကျူရှူကျွန်းပေါ်ရှိ ရှင်မိုမီးတောင်ပေါက်ကွဲမှု ယနေ့တွင် ဖြစ်ပွားခဲ့ရာ မီးတောင်ထိပ်၏အထက် မီတာ ၅၅၀၀ အမြင့်သို့ပြာမှုန်များ မြင့်တက် လွင့်စင်သွားကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြထားသည်။
ကာဂိုရှီးမားနှင့် မီယာဇာကီခရိုင်နှစ်ခုလုံးရှိ အမြင့် ၁၄၂၁ မီတာရှိသော ထိုမီးတောင်သည် ဒေသစံတော်ချိန် နံနက် ၄ နာရီ ၅၃ မိနစ်တွင် ပေါက်ကွဲခဲ့ကြောင်း ဂျပန်မိုးလေဝသအေဂျင်စီ (JMA) ၏ ဒေသန္တရရုံး၏ပြောကြားချက်ကို ကိုးကားပြီး ကျိုဒိုသတင်းက ဖော်ပြထားသည်။
သဘာဝဘေးအန္တရာယ်များအတွက် သတိပေးအဆင့်များကို ၅အဆင့်ထိ ခွဲခြားထားရာ အဆင့် ၃သည် အသက်အန္တရာယ်ရှိသူများကို လုံခြုံသောနေရာသို့ထွက်ခွာရန် သတိပေးချက်ဖြစ်ပြီး ယင်းသတိပေးချက်ကို JMAက ဆက်လက်ထုတ်ပြန်ထားကြောင်း၊ မီယာဇာကီနှင့် ကာဂိုရှီးမားခရိုင်နှစ်ခုလုံးရှိ မီးတောင်ဝနား ချဉ်းကပ်ခြင်းမှ ရှောင်ကြဉ်ကြရန် ပြည်သူများအား တောင်းဆိုထားကြောင်း သိရသည်။
ရှင်မိုမီးတောင်သည် ဂျပန်နိုင်ငံတွင် အမြဲမပြတ် စောင့်ကြည့်နေသည့် မီးတောင် ၅၀ ထဲမှ တစ်ခုဖြစ်ပြီး ၎င်းမီးတောင်သည် ၂၀၁၈ ခုနှစ် ဇွန်လနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဇွန်လ ၂၂ ရက်က ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


