နောင်တရား ၁၄ မတ်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် နောင်တရားမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ဘိန်းစိုက်ပျိုးမှုပပျောက်ရေး အစားထိုးဖွံ့ဖြိုးမှု (Pilot Project) ဒေသတွင် လက်ဖက်စိုက်ပျိုးထုတ်ကုန်များ တန်ဖိုးမြှင့် ထုတ်လုပ်နိုင်ရေးအတွက် ဆွေးနွေးပွဲကို မတ်လ ၁၃ ရက် နံနက်ပိုင်းက ပြုလုပ်သည်။
အခမ်းအနားတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က အဖွင့်အမှာစကား ပြောကြားပြီး နောင်တရားမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းချမ်းမြေ့ဝင်းက အမှာစကား ပြောကြားပြီး မယ့်ဖားလုံဖောင်ဒေးရှင်းမှ Mr.Naroung Apichai က လက်ဖက်စိုက်တောင်သူများ၏ စိုက်ပျိုးထွက်ကုန် အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် လက်ဖက်စိုက်ပျိုးတောင်သူများက လက်ဖက်စိုက်ပျိုး ဆောင်ရွက်ထားမှုနှင့် ရောင်းဝယ်နေမှု အခြေအနေများကို တင်ပြကြပြီး လက်ဖက်စိုက်ပျိုး ထုတ်လုပ်ခြင်းထုတ်ကုန်များမှ တန်ဖိုးမြှင့်ရောင်းဝယ်နိုင်ရေးအတွက် လိုအပ်လျက်ရှိသော နည်းပညာများ စက်ပစ္စည်းကိရိယာများအကြောင်းနှင့် လက်ဖက်စိုက်ပျိုးခြင်း၏ ပြုပြင်သင့်သည့် အချက်များ ဆွေးနွေးကြသည်။
လက်ဖက်ကို တန်ဖိုးမြှင့် ထုတ်လုပ်နိုင်ရန်အတွက် အခြေခံ လိုအပ်လျှက်ရှိသော သင်တန်းများကို ဖွင့်လှစ်သင်ကြား ပို့ချလျက်ရှိကြောင်း သိရသည်။ အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများ စိုက်ပျိုးရေးဦးစီးဌာနမှတာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)


