နေပြည်တော် သြဂုတ် ၂၈

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

 

သြဂုတ် ၂၆ ရက်တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မူဆယ်မြို့ ဆင်ဖြူဂိတ်အကျော် လမ်းဘေးတစ်နေရာ၌ စုပုံထားသော အကောက်ခွန်မဲ့ လူသုံးကုန်ပစ္စည်း ၁၁၁ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၆၅၂၅၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်နှင့် ညောင်လေးပင် ခရိုင်တို့အတွင်း၌ တရားမဝင် ကျွန်းသစ် သုည ဒသမ ၁၉၀ တန်၊ အခြားသစ် ၈ ဒသမ ၀၀၂ တန် (စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၃၀၃၂၀) ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

သြဂုတ် ၂၅ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သရက်မြို့ ပြည်တော်အေးရပ်ကွက်၌ လိုင်စင်မဲ့ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ မင်းဘူးမြို့နယ် လေးတိုင်စင်ကျေးရွာ၌ တရားမဝင် လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆိုင်ကယ်တစ်စီးနှင့် လက်ကိုင်ဖုန်းတစ်လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၀၀၀၀၀) ကို လောင်းကစားဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀ ကို သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိသည်။

 

သြဂုတ် ၂၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သုံးခွမြို့နယ်၊ ကျောက်တန်းမြို့နယ်၊ ခရမ်းမြို့နယ်၊ သန်လျင်မြို့နယ်နှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တို့၌ လိုင်စင်မဲ့ဆိုင်ကယ် ခြောက်စီး (စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၀၀၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

သြဂုတ် ၂၅ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပုသိမ်မြို့ အမှတ် (၃) ရပ်ကွက်၌ လိုင်စင်မဲ့ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀) ကို ပို့ကုန် သွင်းကုန်ဥပဒေအရလည်းကောင်း၊ ပုသိမ်မြို့နယ်အတွင်း၌ တရားမဝင် အခြားသစ် ၁ ဒသမ ၀၀၉ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀) ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၇၄၀၀၀၀ ကို သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိသည်။

 

သြဂုတ် ၂၄ ရက်တွင် နေပြည်တော် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လယ်ဝေးခရိုင်နှင့် ဥတ္တရခရိုင်တို့အတွင်း၌ တရားမဝင် အခြားသစ် ၄ ဒသမ ၅၃၀ တန် (ခန့်မှန်းတန်ဖိုးငွေ ၅၂၂၂၇၉ ကျပ်) ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ယင်းနောက် သြဂုတ် ၂၆ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ထူးပြည်တွင်း ကမ်းရိုးတန်းဆိပ်ကမ်း၌ ကော့သောင်းမြို့မှ ရန်ကုန်မြို့သို့ ဝင်ရောက်ဆိုက်ကပ်လာသော ရေယာဉ်တစ်စင်းပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၈၃ မျိုး၊ စားသောက်ကုန် ပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုးငွေ ၄၉၃၂၉၁၈၆၉၅ ကျပ်) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် MV. MCL-10 ရေယာဉ်တစ်စင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀၀၀၀) ကို လည်းကောင်း၊ ကော့သောင်းမြို့ တော်ဝင်ဆိပ်ကမ်းတံတား၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း သုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၂၅၀၀၀၀) ကိုလည်းကောင်း၊ သီလဝါဆိပ်ကမ်း၌ ကုန်သေတ္တာ သုံးလုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ခြောက်မျိုး (ခန့်မှန်းတန်ဖိုးငွေ ၂၃၉၀၉၇၅၃၇ ကျပ်) ကို လည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည်‌လေးဦး၏ ဝန်စည်များအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၂၃ မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၇၅၂၀၀၀၀) ကို လည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေ ၇၂၅၅၇၈၆၂၃၂ ကျပ်ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

သြဂုတ် ၂၈ ရက်တွင် မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့မှ မူးယစ်ဆေးဝါးမျိုးစုံ ခြောက်မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၄၁၀၀၀) ကို သိမ်းဆည်းရမိခဲ့သည်။

 

သြဂုတ် ၂၇ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဖမ်းဆီးရမိမှုစာရင်းများအရ လိုင်စင်မဲ့ယာဉ် ခြောက်စီးနှင့် လိုင်စင်မဲ့ဆိုင်ကယ် ၃၁ စီး သိမ်းဆည်းရမိခဲ့ပြီး သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

သြဂုတ် ၂၄ ရက်၊ ၂၅ ရက်၊ ၂၆ ရက်၊ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၃၇ မှု (ခန့်မှန်းတန်ဖိုးငွေ ၇၂၈၉၃၇၂၃၃၁ ကျပ်) ကို သိမ်းဆည်းရမိခဲ့သည်။ တရားမဝင် တင်သွင်းမှုများကြောင့် သွင်းကုန်အစားထိုး ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် စက်မှုဇုန်များရှိ အသေးစား၊ အလတ်စားလုပ်ငန်းများကို ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေပြီး နိုင်ငံ၏စီးပွားရေး ဦးတည်ချက်များကိုပါ ထိခိုက်စေနိုင်သည်။ သို့ဖြစ်ပါ၍ ၎င်းတရားမဝင် တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

 

သတင်းစဉ်