နေပြည်တော်  ဩဂုတ်  ၂၈

 

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့မွန်းလွဲပိုင်းတွင် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့အခြေစိုက် AREOPA စီမံခန့်ခွဲမှုအကြံပေးကုမ္ပဏီ၏ ဒုတိယအမှုဆောင်ချုပ် ဒေါက်တာ ဘိုနဗန်းချားနှင့် တာဝန်ရှိသူများအား စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌  Virtual စနစ်ဖြင့် လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် မြန်မာနိုင်ငံမှ MSME များကို ပံ့ပိုးနိုင်ရေးအတွက် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများနှင့် ဖွံ့ဖြိုးရေးမိတ်ဖက်များ၏ ငွေကြေးထောက်ပံ့မှုများဖြင့် စွမ်းရည်မြှင့်တင်ရေး စင်တာများ တည်ထောင်သွားနိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံရှိ MSME များ  အရည်အသွေးပိုင်းဆိုင်ရာ စံချိန်စံညွှန်းများ တိုးတက်ကောင်းမွန်လာရေးတို့နှင့်ပတ်သက်၍ ရင်ဆိုင်ဖြေရှင်းနိုင်ရေးအတွက် စက်မှုဝန်ကြီးဌာနနှင့် ပူးပေါင်း၍ အသိဉာဏ်ဆိုင်ရာ ဆန်းသစ်တီထွင်မှုရှိရေးနှင့် နည်းပညာပိုင်း ဆိုင်ရာ တိုးတက်မှုရှိလာစေရေးတို့အတွက် ရန်ပုံငွေဖြင့် ပံ့ပိုးကူညီ ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ စိုက်ပျိုးရေးထွက်ကုန်များ တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်ရေး၊ ဒစ်ဂျစ်တယ်အသွင် ပြောင်းလဲမှုတွင် လိုက်ပါနိုင်ရေး၊  အစိမ်းရောင် ဂေဟစနစ်နှင့် ကိုက်ညီပြီး ရေရှည်တည်တံ့သည့် MSME များ ဖြစ်လာစေရေး၊ ပို့ကုန်များ မြင့်တက်လာရေး၊ MSME ကဏ္ဍတွင်  လူငယ်နှင့် အမျိုးသမီး စွန့်ဦးတီထွင်မှု လုပ်ငန်းရှင်များ ပိုမိုပါဝင်နိုင်ရေး အတွက်  အားပေးမြှင့်တင်ရေး ဆိုင်ရာကိစ္စရပ်များ စသည်တို့ကို အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

 

အဆိုပါ တွေ့ဆုံပွဲသို့ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ် မြို့အခြေစိုက် AREOPA စီမံခန့်ခွဲမှု အကြံပေးကုမ္ပဏီမှ ဒုတိယအမှုဆောင်ချုပ်နှင့် တာဝန်ရှိသူများ၊ ဘယ်လ်ဂျီယံနိုင်ငံ ဆိုင်ရာမြန်မာနိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်