နေပြည်တော် ဩဂုတ် ၂၈

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရှိ ဝန်ထမ်းသားသမီးများဖြစ်သော ဂုဏ်ထူးရကျောင်းသား ကျောင်းသူများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲနှင့် ထူးချွန်ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရဲရွာ ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် ဇနီး၊ ဒုတိယဝန်ကြီး ဦးအေးကျော်နှင့် ဇနီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဇနီးများ၊ ထူးချွန်ဆုရ ကျောင်းသား ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ၊ ထူးချွန် ဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပညာခေတ်တွင် မိဘများက မိမိရင်သွေးများ ပညာကို ကြိုးစားသင်ယူပြီး ပညာတတ်ကြီးများဖြစ်လာအောင် မိဘဝတ္တရားနှင့်အညီ ငယ်စဉ်ကတည်းက အတတ်လည်းသင် ပဲ့ပြင် ဆုံးမပေးရန် လိုအပ်သကဲ့သို့ ကျောင်းသားလူငယ် မောင်မယ်များ အနေဖြင့်လည်း တကယ့်အနှစ်သာရ ရတနာသည် အသိပညာ၊ အတတ်ပညာ၊ ပညာသည် သာ အမြတ်ဆုံးရတနာ၊ ပညာသည်သာ အားထားရာ ဆိုသည်ကို နားလည်သဘောပေါက်ရန်လိုကြောင်း၊ ထူးချွန်ဝန်ထမ်းများနှင့် ကျောင်းသားလူငယ်များသည် ခိုင်မာသောယုံကြည်ချက်၊ ပြတ်သားသော ဆုံးဖြတ်ချက်၊ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယများ နှင့် အပတ်တကုတ် ကြိုးစားအားထုတ်ခဲ့သဖြင့် ယခုကဲ့သို့ အောင်မြင်မှုအသီးအပွင့်များကို ရရှိခံစား ရခြင်းဖြစ်ကြောင်း၊ အနာဂတ် မြန်မာနိုင်ငံတော်ကြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်မည့် နိုင်ငံ့သားကောင်း၊ သမီးကောင်းရတနာများ ဖြစ်ကြပါစေကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးနှင့် တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ခြောက်ဘာသာဂုဏ်ထူး၊ ငါးဘာသာဂုဏ်ထူး၊ လေးဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သူများနှင့် ထူးချွန်ဆုရ ဝန်ထမ်းများကို ဂုဏ်ပြုငွေ၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုတံဆိပ်များ ပေးအပ်ချီးမြှင့်ကြပြီး ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများကိုယ်စား ခြောက်ဘာသာ ဂုဏ်ထူးရှင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ခြောက်ဘာသာဂုဏ်ထူးရှင် လေးဦး၊ ငါးဘာသာ ဂုဏ်ထူးရှင် ရှစ်ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၁၈ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၂၂ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၁၈ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၃၉ ဦးနှင့် ရိုးရိုး အောင်မြင်သူ ၁၅၃ ဦး စုစုပေါင်း ၂၆၂ ဦးနှင့် ထူးချွန် ဝန်ထမ်း ၁၂ ဦးတို့ကို ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်