တပ်မတော်သည် မူလတာဝန်ဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို သမိုင်း အစဉ်အလာမပြတ် ကြိုးပမ်းထမ်းရွက်လျက်ရှိသလို နယ်မြေဒေသတည်ငြိမ် အေးချမ်းရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝလုံခြုံရေးကိုလည်း သက်စွန့်ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ တန်ပြန်ထိုးစစ်နှင့် အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေးဖြင့် TNLA သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ ခေတ္တထိန်းချုပ်ခဲ့သည့် နောင်ချိုမြို့ကို ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် အပြီးတိုင် အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့သည်။
တပ်မတော်၏ အရှိန်အဟုန်ဖြင့် တိုက်ခိုက်ခဲ့သော တန်ပြန်ထိုးစစ်ကြောင့် ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးကြသော အကြမ်းဖက်သောင်းကျန်းသူများသည် တိုက်ပွဲဖြစ်ပွားစဉ်ကာလအတွင်း ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင် နောင်ချိုမြို့နယ်အပိုင်း မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးတွင်တည်ရှိသည့် တံတားအမှတ် (၉/၈၄) သံကူကွန်ကရစ် တံတားကိုလည်းကောင်း၊ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့တွင် ဂုတ်တွင်းတံတား (အသစ်)နှင့်(အဟောင်း) နေရာနှစ်ခုကို ဒုတိယအကြိမ်မြောက် အဖြစ်လည်းကောင်း၊ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့တွင် မြန်မာနိုင်ငံ၏ အထင်ကရ အမှတ်အသားနှင့် ကမ္ဘာကျော်ရှေးဟောင်း ဂုတ်ထိပ်တံတားကြီး၏ ကျောက်မဲမြို့ဘက်ခြမ်းရှိ တံတားသံပေါင်နှင့် ကမ်းကပ်ခုံတို့ကိုလည်းကောင်း ယုတ်မာရိုင်းစိုင်းစွာ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့သည်။
အကြမ်းဖက်သောင်းကျန်းသူများသည် နောင်ချို-ကျောက်မဲ လမ်းတစ်လျှောက် လမ်းပန်း ဆက်သွယ်ရေး အခက်အခဲဖြစ်စေရန်အတွက် အတားအဆီးများပြုလုပ်၍ လမ်းများကို ပိတ်ဆို့ ထားခဲ့သည်။ တပ်မတော်စစ်ကြောင်းများသည် နောင်ချိုမြို့ကိုအပြီးတိုင် ထိန်းချုပ် သိမ်းပိုက်ပြီးနောက် အကြမ်းဖက်သောင်းကျန်းသူများ အခိုင်အမာ ခံစစ်စခန်းတည်ဆောက်ထားသည့် ဂုတ်တွင်းနှင့် ဂုတ်ထိပ်မီးရထားလမ်း တံတားနေရာတို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ရေး ဆောင်ရွက်ခဲ့ရာတွင် သဘာဝအတားအဆီးများကို အကာအကွယ်ယူ၍ မြေအနေအထား အသာစီးရယူထားသော အကြမ်းဖက်သောင်းကျန်းသူများအား ရန်သူမျှော်လင့်ထားခြင်း မရှိသည့် လမ်းကြောင်းမှ ရန်သူ၏ နောက်ကျော နောင်ပိန်ကျေးရွာကို ဦးစွာဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီး နောင်ပိန် ကျေးရွာမှတစ်ဆင့် ဂုတ်တွင်းနှင့် ဂုတ်ထိပ်ဒေသတစ်ဝိုက်အား အဆင့်ဆင့် ပြန်လည်တိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့သည်။
အကြမ်းဖက်သောင်းကျန်းသူများ အဖျက်လုပ်ရပ်များ လုပ်ဆောင်ခဲ့သည့် လမ်းကြောင်းတစ်လျှောက်ရှိ အတားအဆီးနေရာများနှင့် လမ်းတံတားများကို တပ်မတော်စစ်ကြောင်းများက လူအင်အားနှင့် စက်ယန္တရားများအသုံးပြုပြီး ဖယ်ရှား ရှင်းလင်းခြင်း၊ ဂုတ်တွင်းတံတားကို အများပြည်သူ ပြန်လည် အသုံးပြုနိုင်ရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး အဆင်ပြေချောမွေ့စေရေး အတွက် တပ်မတော်မှ စစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့များက ယာယီသံပေါင်ဘေလီ တံတားထိုးခြင်း လုပ်ငန်းများ ဆောင်ရွက်နေကြသည်ကို တွေ့ရသည်။ ဂုတ်ထိပ်မီးရထားလမ်းတံတားပျက်စီးမှုအတွက် ခက်ခက်ခဲခဲ ပြန်လည်တည်ဆောက်ရဦးမည်ဖြစ်သည်။ အများပြည်သူသွားလာမှု လွယ်ကူစေရန် ဆောင်ရွက်နေသလို တစ်ဖက်တွင် တပ်မတော်စစ်ကြောင်းများက လိုအပ်သည့် နယ်မြေရှင်းလင်းရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
တပ်မတော်သည် မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းချိန်ကာလမှ ယနေ့ထက်တိုင်အောင် ပြည်တွင်း၊ ပြည်ပ အန္တရာယ်ဟူသမျှကို စွန့််လွှတ်စွန့်စား အသက်ကိုပဓာနမထားဘဲ တွန်းလှန်တိုက်ထုတ် နိုင်ခဲ့သည်။ နိုင်ငံတော်အပေါ် သစ္စာစောင့်သိရိုသေပြီး တိုင်းရင်းသားပြည်သူများအားလုံးကို ကာကွယ်စောင့်ရှောက် အလုပ်အကျွေးပြုလျက်ရှိသည်။ တပ်မတော်၏ ထူးခြားသော အစဉ်အလာကောင်းများနှင့်အညီ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်လျက်ရှိသည်။ မျက်မှောက် ကာလတွင် ဒီမိုကရေစီကိုလည်းကောင်း၊ နိုင်ငံရေးအပြောင်းအလဲကိုလည်းကောင်း အကြောင်းပြု၍ ပေါ်ပေါက်လာသော လက်နက်ကိုင်အကြမ်းဖက် သောင်းကျန်းသူအမျိုးမျိုးတို့သည် တိုင်းပြည် ပျက်စီးအောင်၊ တိုင်းရင်းသားပြည်သူများ ဒုက္ခဆင်းရဲ အမျိုးမျိုးရောက်အောင် ဖျက်ဆီးနေကြသည်ကို တွေ့ရမည်ဖြစ်သည်။
တပ်မတော်သည် နိုင်ငံတော်နှင့်ပြည်သူကို ထာဝစဉ်ကာကွယ်စောင့်ရှောက်လျက်ရှိပြီး ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ဦးထိပ်ပန်ဆင်ကာ တိုင်းပြည်ကိုဖျက်ဆီးနေကြသည့် အကြမ်းဖက်သောင်းကျန်းသူများအား အောင်မြင်စွာ တိုက်ခိုက်ချေမှုန်းပြီး နိုင်ငံတော်နှင့် ပြည်သူ့အကျိုးကို ဦးဆွေးဆံမြည့်ကျေပွန်စွာ ထမ်းဆောင်လျက်ရှိပါကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထား ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။


