နေပြည်တော် ဩဂုတ် ၃၀

 

သံမဏိမူဝါဒ ထုတ်ပြန်ပြဋ္ဌာန်းနိုင်ရေးနှင့် အရည်အသွေးပြည့်မီသော သံ၊ သံမဏိများ ထုတ်လုပ်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ အထွေထွေ မန်နေဂျာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံ သံနှင့် သံမဏိအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ သံမဏိလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ၊ မန္တလေး တိုင်းဒေသကြီး ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ မန္တလေးတိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့မှ သံမဏိလုပ်ငန်းရှင်များ၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနမှူးများက Virtual စနစ်ဖြင့် သတ်မှတ်နေရာများမှ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီး က မန္တလေးငလျင်ကြီးကြောင့် ဘုရား၊ စေတီပုထိုးများ၊ လမ်းတံ တားများ၊ ရုံး၊ လူနေအိမ်အဆောက် အအုံများများစွာပြိုပျက်၍ ပြည်သူ လူထုထိခိုက် သေဆုံးမှုများ ရှိခဲ့သဖြင့် နိုင်ငံတော်အကြီးအကဲက နောင်တစ်ချိန်တွင် ယခုကဲ့သို့ထိခိုက်ပျက်စီးမှု မရှိစေရေးအတွက် အနည်းဆုံး ရစ်ခ်စတာ စကေး ၈ ခံနိုင်သည့် အဆောက်အအုံများ ဆောက်လုပ်ရန် လမ်းညွှန်မှု ပြုထားကြောင်း၊ ထို့ကြောင့် အင်အားအလွန် ပြင်းထန်သော ငလျင်ကြီး၏ နောက်ဆက်တွဲ ဆိုးကျိုးများ အပေါ် အကောင်းဆုံးတုံ့ပြန်ကုစားရန်အတွက် ဆောက်လုပ်ရေးလုပ်ငန်းသုံး သံမဏိများနှင့် ပတ်သက်၍ ပြည်တွင်းထုတ်လုပ်မှု နှင့် ပြည်ပမှတင်သွင်းမှုများအပေါ် တွင် စံချိန်စံညွှန်းအရည်အသွေး ပြည့်မီရေး စစ်ဆေးကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း။

 

သံမဏိ ထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းများအား စနစ်တကျရှိစေရေး၊ စံချိန်စံညွှန်း အရည်အသွေး ပြည့်မီမှုကိုလည်း စစ်ဆေး ကြပ်မတ် ဆောင်ရွက်နိုင်ရန်အတွက် မှန်ကန်သောမူဝါဒ အထောက်အပံ့ဖြင့် ချဉ်းကပ်ရန်လိုကြောင်း၊ သံမဏိမူဝါဒ အမြန်ထွက်ရှိရေး၊ စံချိန်စံညွှန်း ပြည့်ဝသော အရည်အသွေး မီသည့် သံနှင့ သံမဏိပစ္စည်းများ ထုတ်လုပ် နိုင်ရေးတို့အတွက် လုပ်ငန်းရှင်များအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများ၊ အကြံဉာဏ်များကို အကြံပြုဆွေးနွေးပေးကြရန် ပြောကြားသည်။

 

ယင်းနောက် စက်မှုကြီးကြပ် ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အမှတ် (၁) အကြီးစား စက်မှုလုပ်ငန်း၊ အမှတ်(၂) အကြီးစားစက်မှု လုပ်ငန်းတို့မှ ဦးဆောင်ညွှန်ကြား ရေးမှူးတို့က သံမဏိမူဝါဒ ရေးဆွဲထုတ်ပြန်နိုင်ရေး ဆောင်ရွက်နေမှု၊ နိုင်ငံအတွက် သံမဏိ လိုအပ်ချက်၊ ထုတ်လုပ်မည့် သံမဏိများအား အရည်အသွေးပြည့်မီ နိုင်ရေးအတွက် စီမံဆောင်ရွက်နေမှု၊ ပြည်တွင်း၌ သံမဏိများအား အရည်အသွေးပြည့်မီစွာ ထုတ်လုပ်နိုင်ရေး သံမဏိများ၏ အရည်အသွေး စစ်ဆေးနိုင်ရေးအတွက် နိုင်ငံတကာအသိအမှတ်ပြု ဓာတ်ခွဲခန်းများ ထူထောင်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက် နေမှုတို့ကိုလည်းကောင်း၊ မြန်မာနိုင်ငံသံနှင့် သံမဏိအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ သံမဏိလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌတို့က သံမဏိများအား အရည်အသွေးသတ်မှတ် ထားမှုအပေါ် သုံးစွဲသူပြည်သူများ သိရှိလိုက်နာနိုင်ရေး ကိစ္စရပ်များကိုလည်းကောင်း၊ လုပ်ငန်းရှင်များက သံမဏိမူဝါဒ အမြန်ဆုံး ရေးဆွဲထုတ်ပြန်နိုင်ရေးအတွက် ပါဝင်ဆောင်ရွက်မည့်အခြေအနေ၊ လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေနှင့် ကြုံတွေ့နေရသည့်စိန်ခေါ်မှုများ ကိုလည်းကောင်း ဆွေးနွေးတင်ပြသည်။

 

ထို့နောက် တက်ရောက်လာသူများက သံမဏိမူဝါဒ ခိုင်မာအားကောင်းလာစေရေးအတွက် ပါဝင်သင့်သည့် အချက်များ၊ အကောင်အထည်ဖော် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ဝိုင်းဝန်း အကြံပြုဆွေးနွေး၍ ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်