ကုလသမဂ္ဂ   ဩဂုတ်   ၃၁

ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် (၁၄) နိုင်ငံက ဂါဇာဒေသတွင် အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ရန်နှင့်  အစ္စရေးတပ်မတော်၏  စစ်ဆင်ရေးများ မြှင့်တင်ဆောင်ရွက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းရန် တောင်းဆိုခဲ့ကြကြောင်း သိရသည်။

ခြွင်းချက်မရှိ တည်တံ့သည့် အပစ်အခတ်ရပ်စဲရေးကို လိုက်နာဆောင်ရွက်ရန်နှင့် ဟားမတ်စ်အဖွဲ့ အပါအဝင် အခြားအဖွဲ့များမှ ထိန်းသိမ်းထားသည့် ဓားစာခံများအား လွှတ်ပေးရေးအပြင် ဂါဇာဒေသ သို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများဝင်ရောက်ခွင့်ပြုရေးအတွက်  တောင်းဆို ကြောင်း  အထက်ပါ (၁၄)နိုင်ငံက ထုတ်ပြန်သည့် ထုတ်ပြန်ချက်အရ သိရသည်။

 အစ္စရေးတပ်မတော်၏ ဂါဇာဒေသတွင် စစ်ဆင်ရေးများ မြှင့်တင်ဆောင်ရွက်မည့်အစီအစဉ်သည် ဂါဇာဒေသတွင်  လူသားချင်းစာနာထောက်ထားမှု အခြေအနေများကို ဆိုးရွားစေကာ ဓားစာခံများအပါအဝင်  အရပ်သားများကို  ထိခိုက်စေကြောင်း ကုလသမဂ္ဂတာဝန်ရှိသူများက ပြောကြားသည်။ 

ဂါဇာဒေသအပစ်အခတ်ရပ်စဲရေးတောင်းဆိုသည့် နိုင်ငံများမှာ အယ်လ်ဂျီးရီးယား၊ တရုတ်၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂရိ၊ ဂူယာနာ၊ ပါကစ္စတန်၊ ပနားမား၊ တောင်ကိုရီးယား၊  ရုရှား၊  ဆီအာရာလီယွန်၊ စလိုဗေးနီးယား၊ ဆိုမာလီယာနှင့် ဗြိတိန်နိုင်ငံတို့ဖြစ်ကာ အမေရိကန်နိုင်ငံ  မပါဝင်ကြောင်း  သိရသည်။ အစ္စရေးသည်  ဂါဇာဒေသတွင်  လူသားချင်းစာနာထောက်ထားမှုအကူအညီများ ဝင်ရောက်ရေးအတွက် ကန့်သတ်ချက်များကို ခြွင်းချက်မရှိ ရုပ်သိမ်းရမည်ဖြစ်ကာ လူသားချင်းစာနာထောက်ထား မှု အကူအညီများပေးရေးအတွက် ကုလသမဂ္ဂအပါအဝင် အခြားကမ္ဘာ့နိုင်ငံများနှင့် လက်တွဲဆောင်ရွက်ရမည်ဟု ၎င်းနိုင်ငံများ၏ ထုတ်ပြန်ချက်အရ သိရသည်။ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီပေးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် သမာသမတ်ရှိစွာနှင့်  ဘက်လိုက်မှု ကင်းစွာဆောင်ရွက်သင့်ကြောင်း ၎င်းနိုင်ငံများကပြောကြားသည်။  ဂါဇာဒေသပဋိပက္ခသည် လူသားက ပြုလုပ်သည့် ပဋိပက္ခဖြစ်ကာ ငတ်မွတ်ခေါင်းပါးမှုကို လက်နက်အဖြစ် အသုံးပြုခြင်းကို နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေတွင် တားမြစ်ထားကြောင်း ၎င်းနိုင်ငံများ၏ ထုတ်ပြန်ချက်အရ သိရသည်။ 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-စိုးသူရ