ရန်ကုန်   ဩဂုတ်   ၃၁

၂၀၂၅-၂၀၂၆ ရာသီ   အာရှအမျိုးသမီး ချန်ပီယံလိဂ်ခြေစစ်ပွဲ    အုပ်စု(က) နောက်ဆုံးနေ့ကို  သြဂုတ် ၃၁ ရက်က ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ကျင်းပရာ မြန်မာကလပ်  အား/ကာသိပ္ပံအသင်းက ဖိလစ်ပိုင်ကလပ် စတေလီယန်လာဂူနာအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိပြီး ခြေစစ်ပွဲ အောင်မြင်ခဲ့သည်။

မြန်မာကလပ်   အား/ကာသိပ္ပံအသင်းသည် နောက်မှလိုက်ကစားရသော်လည်း ဒုတိယပိုင်းတွင်      အကောင်းဆုံးပုံစံ၊ အကောင်းဆုံးစွမ်းဆောင်ရည်တို့ဖြင့် ချေပဂိုးနှင့် အနိုင်ဂိုးပြန်သွင်းကာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ အား/ကာသိပ္ပံအသင်းသည် ခြေစစ်ပွဲအုပ်စုသုံးပွဲစလုံး အနိုင်ရရှိကာ အုပ်စုပထမဖြင့် ခြေစစ်ပွဲအောင်မြင်ခဲ့သည်။

အား/ကာသိပ္ပံအသင်းတွင် အဓိကတိုက်စစ်မှူး မေထက်လူ  မပါဝင်နိုင်သော်လည်း ခင်မာလာထွန်း၊     ဖြူဖြူဝင်း၊ စန်းသော်သော်၊ လင်းမြင့်မိုရ်၊ ရွှေရည်ထွန်းတို့ဖြင့်  လူစုံခဲ့ပြီး ဖိလစ်ပိုင်လက်ရွေးစင် ကစားသမားအများစု  ပါဝင်လာသည့် လာဂူနာအသင်းကလည်း အကောင်းဆုံးလူစာရင်းဖြင့် ယှဉ်ပြိုင်ခဲ့သည်။  အား/ကာသိပ္ပံအသင်းထက် ဂိုးကွာခြားချက်အသာရထားသည့် လာဂူနာအသင်း သည် သရေကျရုံဖြင့် အုပ်စုပထမနေရာ ရယူနိုင်မည်ဖြစ်သော်လည်း အပြန်အလှန်တိုက်စစ် ဖွင့်ကစားခဲ့သည်။ ၁၃ မိနစ်တွင် လာဂူနာအသင်း ဂိုးစတင်ရရှိခဲ့ကာ   ဒေးဗစ်ဆန်က  သွင်းယူခဲ့ပြီး ပထမပိုင်းအပြီးတွင် တစ်ဂိုးအသာဖြင့် ဦးဆောင်နေသည်။

ဒုတိယပိုင်းတွင် အား/ကာသိပ္ပံအသင်းသည် ကစားသမားများပြောင်းလဲကာ တိုက်စစ်မြှင့်ခဲ့ပြီး မိနစ် ၅၀ တွင် စန္ဒာလင်းက ချေပဂိုးပြန်သွင်းခဲ့သည်။ ယင်းနောက်ပိုင်းတွင် ပွဲမှာအပြန်အလှန်ရှိလာပြီး မိနစ် ၇၀ တွင် ယွန်းဝတီလှိုင်ကို ထည့်သွင်းပြီး နောက်ပိုင်း အား/ကာသိပ္ပံတိုက်စစ်ပိုကောင်းလာ ကာ ၇၉ မိနစ်တွင် သူ၏ အနာခံဂိုးရရန်ကြိုးပမ်းမှုမှတစ်ဆင့်  ပြန်လျှံထွက်လာသော ဘောလုံးကို စန်းသော်သော်က   ခေါင်းတိုက်ကာ  ဒုတိယဂိုး သွင်းယူခဲ့သည်။ အား/ကာသိပ္ပံအသင်းအတွက် အနိုင်သေချာစေမည့် တတိယဂိုးကို ၈၉ မိနစ်တွင် အသင်းခေါင်းဆောင် ခင်မာလာထွန်းက သွင်းယူ ခဲ့သည်။

အား/ကာသိပ္ပံအသင်းသည် အုပ်စုပွဲများတွင် ဂူအမ်ကလပ် Strykers အသင်းကို ကိုးဂိုးပြတ်၊ မွန်ဂိုလီးယားကလပ် Khovd Western အသင်းကို ရှစ်ဂိုးပြတ်၊ ဖိလစ်ပိုင်ကလပ် လာဂူနာအသင်းကို သုံးဂိုး-တစ်ဂိုးတို့ဖြင့် အနိုင်ယူကာ ရာနှုန်းပြည့် အနိုင်ရမှတ်  ကိုးမှတ်ဖြင့် အုပ်စုပထမရရှိကာ ခြေစစ်ပွဲအောင်မြင်ခဲ့သည်။

နောက်ဆုံးအဆင့်ပွဲစဉ်များကို ၂၀၂၅ ခုနှစ် အောက်တိုဘာလမှ ၂၀၂၆ ခုနှစ်  မေလအထိ ကျင်းပမည်ဖြစ်ပြီး  ဂျပန်၊  တောင်ကိုရီးယား၊ သြစတြေးလျ၊ တရုတ်စသည့်  အာရှထိပ်သီးနိုင်ငံများမှ  ကလပ်အသင်းများအပါအဝင်  စုစုပေါင်း ၁၂ သင်း ယှဉ်ပြိုင်မည်ဖြစ်သည်။

သတင်း - ကိုညီလေး

ဓာတ်ပုံ - စိုးညွန့်သော်