မိတ္ထီလာ သြဂုတ် ၃၁

 

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ (၁၄၂)ကြိမ်မြောက် သမိုင်းဝင်ကရဝိက် ဖောင်တော်ဦး စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်နှင့် မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့မရပ်ကွက် ဖောင်တော်ဦး ရင်ပြင်တော်တန်ဆောင်းနှင့် စေတီတော် မုခ်ဦးတို့တွင် ကျင်းပသည်။

 

ဦးစွာ သမိုင်းဝင်ကရဝိက်ဖောင်တော် ဦးစေတီတော်နှင့် ကရဝိက်တန်ဆောင်း မှန်ကျောင်းအတွင်း၌ ပင့်ဆောင်ကိုးကွယ်သည့် စကြာမုနိကြေးသွန်းရုပ်ပွားတော်မြတ်တို့အား ဗုဒ္ဓါဘိသေကအနေကဇာတင် လှူခြင်းကို နိုင်ငံတော်ဩဝါဒါ စရိယ ဆရာတော် ရေလည်ကျောင်းတိုက် ဦးစီးပဓာနနာယက အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တလာဘဝနှင့် ပင့်သံဃာတော် ၁ဝ ပါးတို့က ဆောင်ရွက် တော်မူကြသည်။  ယင်းနောက် ပင့်သံဃာတော် ၁ဝ ပါးတို့အား ဆွမ်းနှင့်  လှူဖွယ်ဝတ္ထုများကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့် အဖွဲ့ဝင်များ၊ စေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးခင်ညိုနှင့် အလှူရှင်များက ဆက်ကပ်လှူဒါန်းကြသည်။

 

ထို့နောက် မြန်မာ့ရိုးရာလောင်း လှေပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ဆုပေးမဏ္ဍပ်တွင် ကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦးက အမှာစကား ပြောကြားပြီး မြန်မာ့ရိုးရာလောင်း လှေပြိုင်ပွဲ အထူးပွဲများကို ကျင်းပသည်။ သမိုင်းဝင်ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို သြဂုတ် ၃၀ ရက် မှ စက်တင်ဘာ ၈ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပြီး မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲ ပုံမှန်ပွဲစဉ်များကို စက်တင်ဘာ ၁ ရက်မှ ၇ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)