နေပြည်တော် ဩဂုတ် ၃၁
ပျဉ်းမနား-တောင်ညို လမ်းမကြီးဘေးတွင် မြေပဲရိုး၊ နှမ်းရိုးတို့ဖြင့် သဘာဝမြေသြဇာပြုလုပ်နည်း သရုပ်ပြသခြင်းကို ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ် မင်းကုန်းကျေးရွာ၌ ပြုလုပ်ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး သွားရောက်ကြည့်ရှု အားပေးပြီး တောင်သူများအား သဘာဝမြေဩဇာကို တောင်သူများကိုယ်တိုင် ပြုလုပ်သုံးစွဲစေရေး၊ သဘာဝ မြေဩဇာပြုလုပ်နည်းကို တောင်သူများအားလုံး ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် အသိပညာပေးရေး၊ ပန်းတိုင်အထွက်နှုန်း ရရှိရေးတို့ကို မှာကြားသည်။
တက်ရောက်
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တောင်သူဦးအေးလွင်၏ တစ်ဧက တင်း ၁၀၀ ကျော် ထွက်ရှိသော ဆင်းပဒေသာ(၁၁) မြေပဲများ ခူးဆွတ်ထားရှိမှုကို ကြည့်ရှုအားပေးပြီး မင်းကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်သည့် မိုးစပါးစိုက် တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာ သွင်းအားစုပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားပြီး ဓာတ်မြေဩဇာများကို တောင်သူများထံ ပေးအပ်ကာ နေပြည်တော်ကောင်စီဝင်များက လက်ဆွဲမျိုးစေ့ချကိရိယာများကို ပေးအပ်သည်။
ညနေပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တာဝန်ရှိသူများနှင့်အတူ ဇမ္ဗူသီရိမြို့နယ် သပြေကုန်းရပ်ကွက် ပိတောက်လမ်းသို့ သွားရောက်ပြီး နေပြည်တော်ကောင်စီ၏ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော နိုင်လွန်ကတ္တရာလမ်း AC ခင်းကျင်းနေမှုနှင့် ကံ့ကော်အိမ်ရာ ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တိုက်အမှတ်(၁၀) ပြန်လည်ပြုပြင်နေမှု အခြေအနေ၊ မင်္ဂလာကန်တွင် ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကျောက်စီမြေထိန်းနံရံများ ပြန်လည် ပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထိုမှတစ်ဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပိတောက် အိမ်ရာ တိုက်အမှတ်(၆၀၇)၊ (၆၀၈)နှင့် ဓနသိဒ္ဓိရပ်ကွက် တိုက်အမှတ်(၁၃၁၁)တို့ ပြန်လည်ပြုပြင်နေမှု အခြေအနေများနှင့် တိုက်အမှတ်(၁၃၇၃) ဖြိုဖျက်ဖယ်ရှားနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အဆောက်အအုံများ ပြန်လည်ပြုပြင်ရာတွင် ရေရှည်ခိုင်ခံ့မှုရှိအောင် စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရေး၊ ပြင်ဆင်ပြီးသည့် အဆောက်အအုံများ ပတ်ဝန်းကျင်တွင် ရေစီးရေလာ ကောင်းမွန်စေရေး ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းရေး၊ ရေ၊ မီးများ ပြည့်စုံစွာ ရရှိရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
ပုဗ္ဗသီရိ(ပြန်/ဆက်)


