စက်တင်ဘာ ၁
အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်းကူနာပြည်နယ်တွင် ယမန်နေ့ညပိုင်းက ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ရာ သေဆုံးသူဦးရေ ၆၂၂ ထက်မနည်းရှိပြီး ၁၅၅၅ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင် ဘတ်ခ်ထာသတင်းအေဂျင်စီက ယနေ့တွင် ဖော်ပြထားသည်။
အဆိုပါငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရသူများကို ယင်းပြည်နယ် သဘာဝဘေးအန္တရာယ်အာဏာပိုင်အဖွဲ့က အတည်ပြုထားသည်ဟု ထိုမီဒီယာကဖော်ပြထားသည်။
ကယ်ဆယ်ရေးအဖွဲ့များသည် ထိခိုက်ခံစားရသည့် လူမှုအသိုင်းအဝိုင်းများကို အကူအညီများ ပေးအပ်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု တာဝန်ရှိသူများက ပြောကြားသည်။
နိုင်ငံ၏အရှေ့ပိုင်းနာဂါဟာပြည်နယ်တွင် ကိုးဦးသေဆုံးပြီး ၂၀ ထိခိုက်ဒဏ်ရာရရှိကြောင်း အမျိုးသားရေဒီယိုနှင့် ရုပ်မြင်သံကြားတွင် ယခင်ကဖော်ပြခဲ့သည်။
ဘူမိဗေဒဆန်းစစ်ချက်မြေငလျင်သတင်းကွန်ရက်အရ အာဖဂန်နစ္စတန်တွင် ဩဂုတ် ၃၁ ရက် ညပိုင်း ဒေသစံတော်ချိန် ၁၁ နာရီ ၄၇ မိနစ်က ပြင်းအားပမာဏ ၆.၀ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
ငလျင်ဗဟိုချက်သည် နိုင်ငံအရှေ့ပိုင်း နာဂါဟာပြည်နယ်၏မြို့တော် ဂျလာလာဘတ်၏ အရှေ့မြောက်ဘက် ၂၇ ကီလိုမီတာအကွာတွင် တည်ရှိပြီး အနက် ၈ကီလိုမီတာတွင် တည်ရှိသည်။
မြို့တော် ကဘူးလ်တွင် ပြင်းထန်သော ငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ရပြီး အာဖဂန်နစ္စတန်၏ နေရာအချို့တွင် အင်တာနက် ပြတ်တောက်မှုများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


