စက်တင်ဘာ ၁
ပါကစ္စတန်နိုင်ငံအရှေ့ပိုင်းပန်ဂျပ်ပြည်နယ်ရှိဒေသများတွင် သီတင်းပတ်အစပိုင်းကတည်းက မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုဖြစ်ပွားခဲ့ရာ ၃၃ ဦးသေဆုံးပြီး လူနှစ်သန်းကျော် ထိခိုက်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ယမန်နေ့ကပြောကြားသည်။
ပြည်နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့ ပီအီအမ်အေ၏ ညွှန်ကြားရေးမှူးချုပ်က ပန်ဂျပ်ပြည်နယ်၏ ဒေသများတွင် ရေလွှမ်းမိုးမှုများ ဆက်လက်ဖြစ်ပွားနေသဖြင့် လူပေါင်း သန်းတစ်ဝက်နီးပါးကို ဘေးကင်းရာသို့ရွှေ့ပြောင်းပေးထားကြောင်းပြောကြားပြီး ကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ထပ်လောင်းပြောသည်။
ဘေးသင့်ဒေသများမှ ဘေးကင်းရာသို့ပြောင်းရွှေ့ပေးရာတွင်သင်္ဘောအစီးရေ ၈၀၀ ကျော်နှင့် ကယ်ဆယ်ရေးဝန်ထမ်း ၁၃၀၀ ကျော်တို့ ပါဝင်နေပြီး အများစုမှာ ပန်ဂျပ်ပြည်နယ်ရှိ အဓိကမြစ်ကြီးများ၏ ကမ်းနားဒေသအနီးတွင်တည်ရှိသည်ဟု ၎င်းကဆိုသည်။
ပန်ဂျပ်ရှိ အဓိကမြစ်ကြီးသုံးခုသည် အန္တရာယ်ရှိသောအဆင့်သည်ဖြစ်သည်ဟု ထိုအဖွဲ့၏တာဝန်ရှိသူက ပြောသည်။
ပန်ဂျပ်ပြည်နယ်၏ဒေသများတွင် စားရေရိက္ခာ၊ အမိုးအကာနှင့် အခြေခံကျန်းမာရေး ဝန်ဆောင်မှုများကို ရေဘေးသင့်ပြည်သူများအားပေးအပ်ကာ အထူးကယ်ဆယ်ရေးစခန်းများ တည်ထောင်ထားသည်ဟု သိရသည်။
ယခုနှစ် ဇွန်လ ၂၆ ရက်ကစတင်ကာ နိုင်ငံတစ်ဝန်းတွင် မိုးရွာသွန်းမှုနှင့်ဆက်စပ်သည့်ဖြစ်ရပ်များတွင် ၈၅၄ ဦးထက်မနည်းသေဆုံးပြီး အခြား ၁၁၃၀ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့၏ပြောကြားချက်အရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


