ရန်ကုန်     စက်တင်ဘာ     ၁

မြန်မာအမျိုးသမီးကလပ် အား/ကာသိပ္ပံအသင်း  ခြေစစ်ပွဲအောင်မြင်ထားသည့်  ၂၀၂၅-၂၀၂၆  ရာသီ အာရှအမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲနောက်ဆုံးအဆင့် အုပ်စုမဲခွဲပွဲကို စက်တင်ဘာ ၁၁ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။

ယခုရာသီ အာရှအမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲ  နောက်ဆုံးအဆင့်ကို အသင်း စုစုပေါင်း ၁၂ သင်းဖြင့် ပြုလုပ်မည်ဖြစ်ပြီး တိုက်ရိုက်ကစားခွင့်ရ ခြောက်သင်း၊ ခြေစစ်ပွဲအောင် ခြောက်သင်း ပါဝင်မည် ဖြစ်သည်။

ခြေစစ်ပွဲအပြီးတွင် အုပ်စု(A)မှ မြန်မာကလပ် အား/ကာသိပ္ပံအသင်း၊ အုပ်စု(B) မှ  ဥဇဘက်ကစ္စတန် ကလပ်  နာဆက်ဖ်အသင်း၊  အုပ်စု(C)မှ  စင်ကာပူကလပ် Lion City Sailors အသင်း၊ အုပ်စု(D)မှ မြောက်ကိုရီးယားကလပ် Naegohyang အသင်း၊ အုပ်စု(E)မှ အိန္ဒိယကလပ် အရှေ့ဘင်ဂေါအသင်း တို့   အုပ်စုပထမရရှိကာ  ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး  အကောင်းဆုံးအုပ်စုဒုတိယနေရာရ တစ်သင်းကိုမူ အုပ်စု (A) မှ ဖိလစ်ပိုင်ကလပ် လာဂူနာအသင်းက ရရှိခဲ့သည်။ နောက်ဆုံးအဆင့် အုပ်စုမဲခွဲရန် ဆီဒင်သတ်မှတ်ချက်တွင် Pot-1 ၌ သြစတြေးလျကလပ် မဲလ်ဘုန်းစီးတီးအသင်း၊ တောင်ကိုရီးယား ကလပ် ဆူဝမ်အသင်း၊ ဂျပန်ကလပ် တိုကျိုဗာဒီအသင်း၊ Pot-2 ၌ တရုတ်ကလပ် ဝူဟန်ကျန်ဒါအသင်း၊ ဗီယက်နမ်ကလပ် ဟိုချီမင်းစီးတီးအသင်း၊ အီရန်ကလပ် ဘမ်ခါတွန်အသင်း၊ Pot-3 ၌ ဖိလစ်ပိုင်ကလပ် လာဂူနာအသင်း၊ အိန္ဒိယကလပ် အရှေ့ဘင်ဂေါအသင်း၊ မြောက်ကိုရီးယားကလပ်  Naegohyangအသင်း၊ Pot-4 ၌  မြန်မာကလပ်  အား/ကာသိပ္ပံအသင်း၊  ဥဇဘက်ကစ္စတန် ကလပ်  နာဆက်ဖ်အသင်းနှင့်  စင်ကာပူကလပ်  Lion  City  Sailors အသင်းတို့ ပါဝင်နေသည်။

နောက်ဆုံးအဆင့်ပွဲစဉ်များကို ၂၀၂၅ ခုနှစ် အောက်တိုဘာလမှ ၂၀၂၆ ခုနှစ် မေလအတွင်း ကျင်းပမည်ဖြစ်ပြီး အုပ်စုပွဲစဉ်များကိုလေးသင်း သုံးအုပ်စုခွဲ၍ ကျင်းပမည်ဖြစ်သည်။ အုပ်စုတစ်ခုစီမှ အမှတ်အများဆုံး နှစ်သင်းစီနှင့် တတိယနေရာရအသင်းများအနက် အကောင်းဆုံးနှစ်သင်း စုစုပေါင်း ရှစ်သင်းမှာ ကွာတားဖိုင်နယ်တက်ရောက်ခွင့်ရမည်ဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ်သည် အာရှအမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲကို ပြီးခဲ့သည့်ရာသီတွင်   စတင်ကျင်းပပြီး  တရုတ်ကလပ်  ဝူဟန်ကျန်ဒါအသင်းက ချန်ပီယံဆုရရှိထားသည်။

သတင်း - ကိုညီလေး

ဓာတ်ပုံ - စိုးညွန့်သော်