တီယန်ကျင်း စက်တင်ဘာ ၁

 

တရုတ်နိုင်ငံ တီယန်ကျင်းမြို့၌ ယနေ့ကျင်းပလျက်ရှိသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး၌ နိုင်ငံတကာမီဒီယာများနှင့် တရုတ်နိုင်ငံအခြေစိုက် မီဒီယာသမားပေါင်း ၃၀၀၀ မှာ မီဒီယာစင်တာ၌ တက်ရောက်၍ သတင်းရယူတင်ဆက်လျက်ရှိပြီး လွယ်ကူစွာသတင်းရယူ တင်ဆက်နိုင်ရေးအတွက် တရုတ်နိုင်ငံအစိုးရက စီစဉ်ဆောင်ရွက်ပေးထားသည်။

 

အဆိုပါ မီဒီယာစင်တာ၌ သတင်းထောက်များ အချိန်နှင့်တစ်ပြေးညီ သတင်းတင်ဆက်နိုင်ရေး အတွက် ပြင်ဆင်ပေးထားပြီး တရုတ်နိုင်ငံ၏ နည်းပညာများနှင့် ယဉ်ကျေးမှုလက်မှုပညာများကို လေ့လာခွင့်ရရှိရန်စီစဉ်ထားသည်။ 

 

မီဒီယာစင်တာ၌ နည်းပညာမြင့် စက်ရုပ်များကိုပါ ထည့်သွင်းဝန်ဆောင်မှုပေးထားပြီး Xiaohe အမည်ရှိ စက်ရုပ်အမျိုးသမီးက သတင်းထောက်များ၏ သိရှိလိုသည်များကို ရှင်းလင်းဝန်ဆောင် ပေးလျက်ရှိသည်။

 

စိတ်ဝင်စားစရာကောင်းသလို တရုတ်နိုင်ငံရဲ့ နည်းပညာကဏ္ဍတိုးတက်မှုကိုလည်း တွေ့နိုင်ပါ တယ်။ စက်ရုပ်အမျိုးသမီးက သတင်းထောက်တွေသိလိုတဲ့အချက်အလက်တွေကို ပြောပြတယ်။ သူနဲ့ ဆက်သွယ်ဖို့က သိပ်ကိုလွယ်ကူမှုရှိတယ်။ မီဒီယာစင်တာမှာ အခြားဝန်ဆောင်မှုပေးနေတဲ့ စက်ရုပ်တွေလည်းရှိတယ်။ ရေခဲမုန့် ပြင်ဆင်ပေးတဲ့စက်ရုပ်ရှိသလို၊ လက်အမူအရာကိုကြည့်ပြီး လိုက်ပါလှုပ်ရှားတဲ့ စက်ရုပ်ကိုလည်း မြင်တွေ့ရတယ်။ အချို့စက်ရုပ်တွေက အထုပ်အပိုးတွေကို သယ်ယူမှုသရုပ်ပြပေးနေတယ်။ သတင်းထောက်တွေလိုအပ်တဲ့ အချိုရည်နဲ့ ရေဘူးတွေကိုတော့ စင်တာတစ်ခုလုံးကို လှည့်ပတ်သွားလာပြီး ဝန်ဆောင်မှုပေးနေတဲ့ စက်ရုပ်တွေဆီကနေ အလွယ်တကူ ယူလို့ရတယ်ဟု ဥရောပဒေသတွင်းမှ သတင်းထောက်တစ်ဦးက ပြောသည်။

 

အဆိုပါစင်တာ၌ တိုက်ရိုက်သတင်းတင်ဆက်မှုအတွက် အပြင်အဆင်များ၊ Multi Camera စနစ်များ၊ အလိုအလျောက် သတင်းစာသားရေးထိုးမှုစနစ်များနှင့် သတင်းထုတ်လွှင့်ရန်အတွက် စတူဒီယို များစွာကို ဖန်တီးအားဖြည့်ထားသည်ကို မြင်တွေ့ရသည်။ 

 

ထို့ပြင် Augmented Reality(AR)နှင့် Virtual Reality(VR) ပြခန်းများကိုလည်း တင်ဆက်ပြသထား ပြီး သတင်းထောက်များအတွက် နည်းပညာပံ့ပိုးမှုပေးအပ်သွားမည်ဖြစ်သည်။ မြန်နှုန်းမြင့် အင်တာနက်အား မီဒီယာစင်တာတစ်ခုလုံး လွှမ်းခြုံနိုင်စေရန် စီစဉ်ပေးထားသည့်အပြင် သတင်းထုတ်ပြန်ချက်များနှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ ကျင်းပသည့် ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးပေါင်းများစွာကိုလည်း သတင်းရယူနိုင်ကြသည်။ 

 

သတင်းထောက်များအနေဖြင့် မီဒီယာစင်တာ၌ တရုတ်နိုင်ငံ၏ ယဉ်ကျေးမှုလက်ရာများကို လေ့လာနိုင်မည်ဖြစ်ပြီး ကိုယ်တိုင်ဝင်ရောက် စမ်းသပ်ပါဝင်နိုင်ကြောင်း သိရသည်။

ခင်ရတနာ