မကွေး ၁၄ မတ်
မကွေးတိုင်းဒေသကြီး၌ ကောင်းမွန်သော စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်များ (GAP)စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်သော နှမ်းသီးနှံများအပေါ် ဂျပန်နိုင်ငံအပါအဝင်နိုင်ငံကြီးအချို့က စိတ်ဝင်စားမှုမြင့်တက်နေခြင်းကြောင့် GAPစနစ်ကို နှမ်း စိုက်တောင်သူများ အကျွမ်းတဝင်ဖြစ်စေရန် မကွေးမြို့၊ တိုင်းစိုက်ပျိုးရေးဦးစီးဌာနရုံး၌ မတ်လ ၁၂ရက်မှ ၁၄ရက်နေ့ထိ ဆွေးနွေးပွဲ(၃)ရက် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲသို့ NAG (Network Activity Group) အဖွဲ့၊ တိုင်းတောင်သူအဖွဲ့နှင့် မြို့နယ်(၁၁)မြို့နယ်မှ တောင် သူကိုယ်စားလှယ်များ၊ မင်းဘူး၊ ပွင့်ဖြူ၊ ရေနံချောင်း၊ မကွေးမြို့နယ်များမှ နှမ်းစိုက်တောင်သူများနှင့် GAP စိုက်ဧက သုံးထောင်ခန့် ပူးပေါင်းလုပ်ဆောင်မည့် Winrockအဖွဲ့အစည်းတာဝန်ရှိသူများ၊ စီမံကိန်း၌ကြီးကြပ်မည့်ဝန်ထမ်းများ တက်ရောက် ဆွေးနွေးခဲ့ကြသည်။
“ နှမ်းအလေအလွင့်မရှိအောင် ရိတ်သိမ်းတာ၊ ဖက်တီးအက်ဆစ်ပါဝင်မှု နည်းအောင်လုပ်တာတွေနဲ့ သယ်ယူ၊ ပို့ဆောင်၊ ထုပ်ပိုး၊ ထိန်းသိမ်းတဲ့ပညာတွေ၊ ပို့ကုန်နဲ့ တင်ဒါလုပ်ငန်းစဉ်တွေကိုလည်း ရှင်းလင်းခဲ့တာကြောင့် GAP နဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေရော၊ ဈေးကွက်နဲ့ပတ်သက်တဲ့အကြောင်းတွေရော ဒီအပေါ်မှာ အတော်လေးကြေကြေညက်ညက် ဖြစ်သွားပြီး လုပ်ငန်းတွေကျယ်ပြန့်လာမှာပါ ” ဟု မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးခင်မောင်ဝင်း က ဆွေး နွေးပွဲလုပ်ဆောင်မှုအပေါ် သုံးသပ်ပြောကြားသည်။
မတ်လ ၁၂ရက်နေ့၌ နှမ်းသီးနှံနှင့် GAP၊ ရာသီဥတုများပြောင်းလဲခြင်းနှင့် စိုက်ပျိုးနည်းစနစ်များပြောင်းလဲခြင်း အကြောင်းများကို Winrock အဖွဲ့မှရှင်းလင်းဆွေးနွေးခဲ့ပြီး GAP နှင့် ဓာတုလွတ်စိုက်ပျိုးရေး(Organic Farming System)၊ နှမ်း GAP ၏ အဓိကအချက် (၁၆)ချက်အကြောင်းတို့ကို ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံဗဟိုသုတေသနခြံ (VFRDC) ဒေါက်တာ ဝဏ္ဍထွန်းမှ ရှင်းလင်းပို့ချမှုများ လုပ်ဆောင်ခဲ့သည်။
မတ်လ ၁၃ရက်နေ့၌ နှမ်းသီးနှံ ဘက်စုံပိုးမွှားကာကွယ်ရေးနည်းလမ်းများ၊ ပိုးသတ်ဆေးစနစ်တကျ အသုံးပြုခြင်း အကြောင်းများကို သီးနှံကာကွယ်ရေးရုံးချုပ်၊ ဦးစီးအရာရှိ ဒေါက်တာဝင်းသန်းမှ ရှင်းလင်းဆွေးနွေးခဲ့ပြီး ရတ်သိမ်းချွေလှေ့စဉ် ဆုံးရှုံးမှုများနှင့် ရိတ်သိမ်းချိန်လွန် နည်းပညာအကြောင်းကို ဒေါက်တာတင်ဥမ္မာဝင်း မှ ဆွေးနွေးခဲ့ကြောင်း၊ မတ်လ ၁၄ရက်နေ့၌ GAP နှင့် နောက်ကြောင်းပြန်စစ်ဆေးခြင်း၊ အခက်အခဲနှင့်ပြဿနာများ ဆွေးနွေးခြင်းတို့ကို စိုက်ပျိုးရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးသိန်းလွင်နှင့် ဒုတိယညွှန်ကြားရေး ဦးတိုးမင်း တို့မှ ဦးဆောင်ပြုလုပ်ခဲ့ပြီး GAP စာအုပ်များတွင် တောင်သူ များက လက်တွေ့စာရင်းဖြည့်ခြင်းများ လုပ်ဆောင်ခဲ့ကြကြောင်း သိရှိရသည်။
ဇေယျတု(မကွေး)


