နေပြည်တော် စက်တင်ဘာ ၁

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ အလုပ်သဘောခရီးရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ H.E. Mr. Thongloun Sisoulith နှင့် ယနေ့ဒေသစံတော်ချိန်မွန်းတည့် ၁၂ နာရီတွင် တီယန်ကျင်းမြို့ရှိ Renaissance Tianjin Lake ဟိုတယ်၌ တွေ့ဆုံဆွေးနွေးသည်။

 

ဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌအား လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတက ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး တွေ့ဆုံဆွေးနွေးသည်။

 

အဆိုပါတွေ့ဆုံပွဲ အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ် ကြီးရဲဝင်းဦး၊ ခရီးစဉ်တွင်လိုက်ပါ လာသည့် ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး၊ တပ်မတော်အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြပြီး လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတနှင့်အတူ လာအိုနိုင်ငံအစိုးရအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံအကြား နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံအစိုးရအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင် ဆောင်ရွက်သွားမည့် အခြေအနေများ၊ ခရီးသွားကဏ္ဍ၊ ကုန်သွယ်မှုကဏ္ဍများ ယခုထက် ပိုမိုတိုးမြှင့် ဆောင်ရွက်သွားမည့် အခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၌ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လာအိုနိုင်ငံမှ ထောက်ခံအားပေးလျက်ရှိမှုနှင့် ရွေးကောက်ပွဲလေ့လာ စောင့်ကြည့်ရေးအဖွဲ့များ စေလွှတ်ပေးသွားမည့်အခြေအနေများနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင် ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအား အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်