နေပြည်တော် စက်တင်ဘာ ၁

 

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း စပါးစိုက် ယာမြေများအား လယ်မြေအဖြစ်သို့ ပြောင်းလဲ သတ်မှတ်ရေး အစည်းအဝေးနှင့် နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးများကို ယနေ့တွင် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားပြီး တက်ရောက် လာကြသူများက စပါးစိုက်ယာမြေများအား လယ်မြေအဖြစ်သို့ ပြောင်းလဲရေး ဆောင်ရွက်နေမှုများ နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရွက်မှုများကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ပျဉ်းမနားမြို့နယ် ပေါစံခေါကျေးရွာ ကွင်းအမှတ် (၁၇၂၁)၌ ဒေသခံတောင်သူများနှင့် တွေ့ဆုံပြီး မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် သဘာဝမြေဩဇာကို တောင်သူများကိုယ်တိုင် ပြုလုပ်သုံးစွဲရေး၊ နိုင်ငံတော်မှ သက်သာသော ဈေးနှုန်းဖြင့် ဖြန့်ဖြူးပေးသော ဓာတ်မြေဩဇာများကို အမှန်တကယ်လိုအပ်သော တောင်သူများ လက်ဝယ်သို့ ရောက်ရှိရေး၊ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် တစ်နှစ် သုံးသီး ရာသီပြည့် စိုက်ပျိုးနိုင်ရေး ဆွေးနွေးမှာကြား၍ တောင်သူများအတွက် ဓာတ်မြေဩဇာများ၊ ကျောက်မှုန့်မြေဩဇာနှင့် မျိုးစေ့ချကိရိယာများကို ပေးအပ်ကာ တောင်သူများ၏ တင်ပြချက်များ အပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ယင်းနောက် မိုးစပါးစိုက်ခင်းများ ရေဝင်ရောက်မှု အခြေအနေ၊ သကြားစက်ရိုးရေစီးဆင်းမှု အခြေအနေနှင့် ယာမြေမှ လယ်မြေအဖြစ်သို့ ပြောင်းလဲမည့် စိုက်ခင်းများကို လည်းကောင်း၊ ပေါင်းလောင်းရေလွှဲဆည် (အဝေရာ) အတွင်း ရေဝင်ရောက်မှု အခြေအနေ၊ သဲထုတ်ရေတံခါးနှင့် ပင်မ ရေကျော်ပေါက်များမှ ရေထုတ်လွှတ်မှု အခြေအနေများကိုလည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

အောင်ကို(ပုဗ္ဗသီရိ)