နေပြည်တော် စက်တင်ဘာ ၁
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ အလုပ်သဘော ခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့်အတူ ယနေ့ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် တီယန်ကျင်းဆိပ်ကမ်းသို့ သွားရောက်ကြည့်ရှု လေ့လာသည်။
ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် တီယန်ကျင်းမြို့ရှိ Tengla Hotel မှ မော်တော်ယာဉ်များဖြင့် ထွက်ခွာကြပြီး လမ်းတစ်လျှောက် မြို့ပြဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို ကြည့်ရှုလေ့လာကြသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် တီယန်ကျင်းဆိပ်ကမ်းသို့ ရောက်ရှိကြရာ ဆိပ်ကမ်းတာဝန်ခံနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် ဆိပ်ကမ်းတာဝန်ခံက တီယန်ကျင်းဆိပ်ကမ်းဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ဆိပ်ကမ်းမှတာဝန်ရှိသူ တစ်ဦးက ဆိပ်ကမ်းဆိုင်ရာ အချက်အလက်များ၊ တီယန်ကျင်း ဆိပ်ကမ်းမှနေ၍ ပြည်တွင်းနှင့် နိုင်ငံတကာသို့ ကုန်ပစ္စည်းများ ပို့ဆောင်လျက်ရှိမှုနှင့် နိုင်ငံဖြတ်ကျော် ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိမှု၊ ဆိပ်ကမ်းတည်ဆောက်ခဲ့မှုအခြေအနေများနှင့် AI စနစ် အသုံးပြု၍ ကွန်တိန်နာများကို သယ်ယူပို့ဆောင်ခြင်းများ ဆောင်ရွက်လျက်ရှိမှု၊ ကာဗွန်ကင်းစင်သည့် ဆိပ်ကမ်းအဖြစ် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ လေအားလျှပ်စစ်ဖြင့် လုပ်ငန်းများ လည်ပတ် ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက သိရှိလိုသည်များ မေးမြန်းဆွေးနွေးသည်။
ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဆိပ်ကမ်းတွင် AI စနစ်ဖြင့် ကွန်တိန်နာများကို သင်္ဘောများပေါ်သို့ တင်ချပြုလုပ်နေမှုနှင့် ဆိပ်ကမ်းအတွင်း လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုလေ့လာကြသည်။
ယင်းနောက် ဆိပ်ကမ်းမှ AI စနစ်သုံး ကွန်တိန်နာတင်ဆောင်သည့် ယာဉ်များဖြင့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (Shanghai Cooperation Organisation – SCO SUMMIT 2025) အထိမ်းအမှတ်အဖြစ် SCO စာလုံးအား သရုပ်ဖော်ပြသကြသည်။
တရုတ်နိုင်ငံ၏ ဒေသနှင့် ပြည်နယ် ၁၄ ခုအတွက် ဝန်ဆောင်မှုပေးလျက်ရှိ
ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြပြီး ဆိပ်ကမ်းတာဝန်ခံနှင့် လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်သည်။
အဆိုပါ တီယန်ကျင်းဆိပ်ကမ်းသည် တရုတ်နိုင်ငံမြောက်ပိုင်း၏ အဓိက အထူးစီးပွားရေးဇုန်ဖြစ်သည့် Tianjin မြူနီစီပယ်အုပ်ချုပ်ရေးဒေသ၏ Binhai New Area (BNA) ခရိုင်၏ အဓိက အစိတ်အပိုင်းဖြစ်ပြီး Haihe မြစ်အနီး Bohai ပင်လယ်အော် အနောက်ဘက်ကမ်း တီယန်ကျင်း မြူနီစီပယ် အုပ်ချုပ်ရေးဒေသတွင် တည်ရှိကြောင်း၊ အဆိုပါဆိပ်ကမ်းအား တရုတ်နိုင်ငံမြောက်ပိုင်း၏ အဓိကထောက်ပံ့နှင့် ပို့ဆောင်ရေး အချက်အချာနေရာအဖြစ် ရည်ရွယ်ဆောင်ရွက်ထားခြင်း ဖြစ်ကြောင်း၊ ဆိပ်ကမ်းအား ၁၉၅၂ ခုနှစ် အောက်တိုဘာလတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ရေနက်ပင်လယ် ဆိပ်ကမ်း (Deep-Water Seaport/ Riverport) အမျိုးအစားဖြစ်ကြောင်း၊ ကုန်းမြေဧရိယာ ၁၂၁ စတုရန်းကီလိုမီတာ အပါအဝင် စုစုပေါင်း စတုရန်းကီလိုမီတာ ၄၇၀ ကျယ်ဝန်းကြောင်း၊ ထုတ်လုပ်ရေးဆိုက်ကပ်နေရာ ၁၄၀ အပါအဝင် ဆိုက်ကပ်နေရာ စုစုပေါင်း ၂၁၇ ခုကျော်ရှိကြောင်း၊ ကွန်တိန်နာများကို တင်ချခြင်းများဆောင်ရွက်ရာတွင် AI စနစ်ကို အသုံးပြု၍ လုပ်ငန်းများကို ဆောင်ရွက်နေသည့် ဆိပ်ကမ်းတစ်ခုဖြစ်ကြောင်း၊ တီယန်ကျင်း ဆိပ်ကမ်းသည် ရေအနက် ၂၂ မီတာ(၇၇) ပေရှိပြီး တန်ချိန် သုံးသိန်းရှိ ကြီးမားသော သင်္ဘောကြီးများ ဆိုက်နိုင်ကြောင်း၊ နှစ်စဉ်ကုန်စည်တင်ပို့မှု အနေဖြင့် တန်ချိန်သန်း ၅၀၀ ကျော်နှင့် ကွန်တိန်နာ ၁၃ သန်းကို တင်ပို့ လျက်ရှိကြောင်း၊ တရုတ်နိုင်ငံ၏ ဒေသနှင့်ပြည်နယ် ၁၄ ခုအတွက် ဝန်ဆောင်မှုပေးလျက်ရှိပြီး တရုတ်နိုင်ငံ တစ်နိုင်ငံလုံးအတိုင်းအတာ၏ ထက်ဝက်ကျော်ရှိကြောင်း သိရသည်။
သတင်းစဉ်


