ရန်ကုန် စက်တင်ဘာ ၁

 

လူငယ်စွမ်းအား ပြည့်အင်အားဖြင့် ရှေ့သို့လှမ်းချီမြန်မာပြည် ဆောင်ပုဒ်ဖြင့် ကျင်းပသည့် မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ တတိယနေ့ကို ယနေ့တွင် ရန်ကုန်မြို့ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ၌ ဆက်လက်ကျင်းပသည်။

 

ဦးစွာ မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာ ဖိုရမ်-၂၀၂၅ ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရာ အနာဂတ်ပညာရေးနှင့် ကျွမ်းကျင်မှု၊ စီးပွားရေးအခွင့်အလမ်းများနှင့် လူငယ်စွန့်ဦးတီထွင် လုပ်ငန်းများ၊ နိုင်ငံသား ပူးပေါင်းပါဝင်မှုနှင့် လူငယ်ခေါင်းဆောင်မှု၊ ရေရှည်တည်တံ့မှုနှင့် ရာသီဥတု ဆိုင်ရာအရေးယူဆောင်ရွက်မှု၊ ကမ္ဘာလုံးဆိုင်ရာချိတ်ဆက်မှုနှင့် ယဉ်ကျေးမှုတိုးမြှင့်ခြင်းစသည့် ခေါင်းစဉ်ငါးခုကို အဖွဲ့များခွဲ၍ ဆွေးနွေးကြသည်။

 

ထို့နောက် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ လူငယ် ကျောင်းသား ကျောင်းသူများက လန်းဆန်းနိုးထ ဉာဏ်စမ်း အစီအစဉ်အဖြစ် Energizer Quiz များကို ပါဝင်ဖြေကြားကြပြီး အဖွဲ့လိုက် ဆွေးနွေးထားသော ဆွေးနွေးချက်များကို ကိုယ်စားပြု လူငယ်တစ်ဦးစီက ရှင်းလင်းဆွေးနွေးကြသည်။

 

ယင်းနောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်နှင့် မြန်မာ့ပုံရိပ် ဖော်ညွှန်းရေးအဖွဲ့မှ တာဝန်ရှိသူများက လူငယ်အဖွဲ့များကို ဆုများပေးအပ်ချီးမြှင့်သည်။

 

ဆက်လက်၍ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ လူငယ် ကျောင်းသား ကျောင်းသူများက လူငယ်အမြင်နှင့် ဆန္ဒစစ်တမ်းကို ဖြေဆိုကြပြီး မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးဇော်ဦးက စစ်တမ်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုကိုက အနာဂတ် တည်ဆောက်မည့် ခေတ်သစ်မျိုးဆက်များအတွက် မြန်မာ့အနာဂတ် မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်- ၂၀၂၅ ကြေညာစာတမ်း(မူကြမ်း)ရေးဆွဲမှု၊ ဖိုရမ်ဆင်းလူငယ်ကွန်ရက် ဖွဲ့စည်းမှုတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကိုယ်စားပြုလူငယ် ၁၅ ဦးတို့က အနာဂတ် တည်ဆောက်မည့် ခေတ်သစ်မျိုးဆက်များအတွက် မြန်မာ့အနာဂတ် မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ ကြေညာစာတမ်းကို အတည်ပြု ဖတ်ကြားကြသည်။

 

ဆက်လက်၍ မြန်မာ့အနာဂတ် မျက်နှာစာ လူငယ်မဟာဗျူဟာ ဖိုရမ်-၂၀၂၅ ပိတ်ပွဲ အခမ်းအနားကို ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုကိုတို့က ဖိုရမ်အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့်အတွက် ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြား သည်။

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာ အထောက်အကူပြု လုပ်ငန်းကော်မတီက ဖိုရမ်နှလုံးသားသီချင်းဖြင့် သီဆိုဖျော်ဖြေပြီး ဖိုရမ်ကိုရုပ်သိမ်းလိုက်သည်။

 

ဖိုရမ်အပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြန်မာကွန်ဗင်းရှင်းစင်တာ (MCC)၌ ခင်းကျင်းပြသထားသည့် MSME အရောင်းပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

သတင်းစဉ်