စက်တင်ဘာ ၂

အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်းတွင် လှုပ်ခတ်ခဲ့သောအင်အားပြင်းငလျင်ကြောင့် သေဆုံးသူဦးရေမှာ ၁၁၂၄ ဦးအထိ မြင့်တက်လာပြီး ၃၂၅၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန်လခြမ်းနီအသင်းက ယနေ့တွင် ပြောကြားသည်။

အဆိုပါငလျင်လှုပ်ခတ်မှုကြောင့် ကူနာပြည်နယ်တွင် လူနေအိမ်အလုံးပေါင်း ၈၀၀၀ ကျော် လုံးဝ သို့မဟုတ် တစ်စိတ်တစ်ပိုင်း ပျက်စီးသွားခဲ့ကြောင်း အာဖဂန်လခြမ်းနီအသင်း သတင်းအချက်အလက်နှင့် ထုတ်ဝေမှုဆိုင်ရာ အကြီးအကဲ ဂျူမာခန် က ပြောကြားသည်။

အပျက်အစီးများအောက်တွင် ပိတ်မိနေသူများကိုကယ်ထုတ်ရန် ကယ်ဆယ်ရေးအဖွဲ့များက လုပ်ဆောင်လျက် ရှိကြောင်း ဖော်ပြထားသည်။

အာဖဂန်နစ္စတန် အရှေ့ဘက်ခြမ်းတွင် ဩဂုတ် ၃၁ ရက် ည ၁၁ နာရီ ၄၇ မိနစ်က ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့သည်။ ငလျင်ဗဟိုချက်သည် နန်ဂါဟာပြည်နယ် မြို့တော် ဂျလာလာဘတ်၏ အရှေ့မြောက်ဘက် ၂၇ ကီလိုမီတာအကွာတွင် တည်ရှိ၍ အနက် ရှစ်ကီလိုမီတာတွင် လှုပ်ခတ်ခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို