ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ ပါဝင်တက်ရောက်

နေပြည်တော် စက်တင်ဘာ ၃

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ H.E. Mr. Xi Jinping ၏ ဖိတ်ကြားချက်အရ ပေကျင်းမြို့၌ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒေသစံတော်ချိန် ယနေ့နံနက် ၈ နာရီတွင် ပေကျင်းမြို့ Tian’anmen ရင်ပြင်၌ ကျင်းပပြုလုပ်သည့် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ ပါဝင်တက်ရောက်သည်။

 

အဆိုပါအခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ H.E. Mr. Xi Jinping၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတကာမှ ဖိတ်ကြားထားသည့် နိုင်ငံ့ခေါင်းဆောင်များ၊ အစိုးရအဖွဲ့များ၊ မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ တရုတ်ပြည်သူများ တက်ရောက်ကြသည်။

 

တစ်ဦးချင်း ရင်းရင်းနှီးနှီးနှုတ်ဆက်

ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် နိုင်ငံတကာမှ တက်ရောက်လာကြသည့် နိုင်ငံ့ခေါင်းဆောင်များသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူပြီး သတ်မှတ်နေရာတွင်နေရာယူကြရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတက တစ်ဦးချင်း ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

 

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် နိုင်ငံတကာမှ တက်ရောက်လာကြသည့် နိုင်ငံ့ခေါင်းဆောင်များသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 

ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် နိုင်ငံတကာမှ တက်ရောက်လာကြသည့် နိုင်ငံ့ခေါင်းဆောင်များသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ဦးဆောင်၍ စစ်ရေးပြအခမ်းအနား ကြည့်ရှုမည့် Tian’anmen Rostrum ရှုစင်သို့ တက်ရောက် နေရာယူကြသည်။

 

ဆက်လက်၍ တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေး စစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ် ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ်(၈၀)ပြည့်အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားကို ကျင်းပပြုလုပ်ရာ ဦးစွာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ H.E. Mr. Xi Jinping က မိန့်ခွန်းပြောကြားပြီး စစ်ရေးပြ တပ်ဖွဲ့များအား မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် စစ်ရေးပြတပ်ဖွဲ့များက တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတနှင့် တက်ရောက်လာကြသည့် နိုင်ငံ့ခေါင်းဆောင်များအား စစ်ရေးပြအစီအစဉ်အတိုင်း ချီတက်အလေးပြုကြသည်။

 

ယင်းနောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတကာမှ ဖိတ်ကြားထားသည့် နိုင်ငံ့ခေါင်းဆောင်များသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ H.E. Mr. Xi Jinping က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုနေ့လယ်စာ စားပွဲသို့ တက်ရောက်ကြသည်။

 

ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စစ်ရေးပြအခမ်းအနား မစတင်မီအချိန်တွင် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ် ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ ပါဝင်တက်ရောက်လာကြသည့် နိုင်ငံများအနက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကိုရီးယားပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ ဥဇဘက်ကစ္စတန်နိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အာမေးနီးယားနိုင်ငံနှင့်အခြား နိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင်များနှင့် တစ်ဦးချင်း ရင်းရင်းနှီးနှီး တွေ့ဆုံ၍ နိုင်ငံအလိုက် ပူးပေါင်း ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်