ရန်ကုန် စက်တင်ဘာ ၃
ဝဇီရာရုပ်ရှင်ရုံအား နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံအဖြစ် အဆင့်မြှင့်တင်ရေး ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဗိုလ်ချုပ်လမ်းရှိ ဝဇီရာရုပ်ရှင်ရုံ၌ ကျင်းပသည်။
တက်ရောက်
ညှိနှိုင်းအစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် လုပ်ငန်းကော်မတီဝင်များ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ မြန်မာနိုင်ငံ ဗိသုကာကောင်စီ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး၊ မြန်မာနိုင်ငံ သဘင်အစည်းအရုံးတို့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဝဇီရာရုပ်ရှင်ရုံ အဆင့်မြှင့်တင်မည့် လုပ်ငန်းများနှင့် ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဝဇီရာရုပ်ရှင်ရုံအား နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံ ကဇာတ်ရုံကြီးအဖြစ် အဆင့်မြှင့်တင်ရေး ဆောင်ရွက်ရာတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ ဖွဲ့စည်းပေးထားသည့် လုပ်ငန်းအလိုက် ဆပ်ကော်မတီများအနေဖြင့် အသေးစိတ်စစ်ဆေး တွက်ချက်ပြီး အမြန်ဆုံးတင်ပြပေး ရန်လိုပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝန်ကြီးဌာန အချင်းချင်း ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ အဆောက်အအုံ ပြုပြင်ခြင်းအပိုင်း၊ မီး၊ အသံပိုင်းဆိုင်ရာ ပြင်ဆင်ခြင်းအပိုင်းများနှင့်ပတ်သက်၍ အမှန်တကယ် အကျိုးရှိထိရောက်မည့် လုပ်ငန်းများကို ဦးစားပေးလုပ်ဆောင်ရန်နှင့် လေလွင့်မှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန် လိုကြောင်းပြောကြားသည်။
ပေါင်းစပ်ညှိနှိုင်း
ဆက်လက်၍ မြန်မာနိုင်ငံဗိသုကာကောင်စီဥက္ကဋ္ဌနှင့် တက်ရောက်လာကြသူများက လုပ်ငန်းပိုင်း ဆိုင်ရာများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။
သတင်းစဉ်


