ရန်ကုန် စက်တင်ဘာ ၃

 

ဂျာမနီနိုင်ငံ Frankfurt မြို့ Frankfurt Fair and Exhibition ခန်းမ၌ ၂၀၂၆ ခုနှစ်တွင် ကျင်းပမည့် ကမ္ဘာ့အကြီးဆုံး လူသုံးကုန်ဆိုင်ရာ ထုတ်ကုန်ပစ္စည်းပြပွဲတွင် မြန်မာ့ထုတ်ကုန်များ ဝင်ရောက် ပြသနိုင်ရန် စီစဉ်နေကြောင်း ဂျာမနီအခြေစိုက် Messe Frankfurt GmbH မှ သိရသည်။

 

ဂျာမနီအခြေစိုက် Messe Frankfurt မှ Senior Vice President Mr. STEPHAN KURZAWSKI က “မြန်မာနိုင်ငံအနေနဲ့ ဒီလိုကမ္ဘာနဲ့ချီတဲ့ ကုန်စည်ပြပွဲတွေမှာ ပြသနိုင်မယ်ဆိုရင် နိုင်ငံတကာက စိတ်ဝင်စားမယ်၊ ဒီအတွက် အကုန်လုံးကို ဖိတ်ခေါ်ပါတယ်၊ မြန်မာနိုင်ငံရဲ့ ထွက်ကုန်တွေဟာ ကမ္ဘာကိုချပြဖို့ အခွင့်အလမ်းကောင်းတွေ အခြေအနေကောင်းတွေရှိပါတယ်၊ လာကြည့်မယ့် ပရိသတ်က နိုင်ငံပေါင်း ၁၇၀ လောက်ရှိမယ်၊ အဲဒီ ၁၇၀ ကို ကိုယ့်ရဲ့ထုတ်ကုန်ကို ပြမယ်ဆိုရင် ကိုယ့်ရဲ့ထုတ်ကုန်ကို လူပိုသိလာမှာဖြစ်ပါတယ် ဟုပြောသည်။

 

အဆိုပါ ပြပွဲကို ဂျာမနီနိုင်ငံ အခြေစိုက် Messe Frankfurt GmbH က ဖိတ်ခေါ်ခဲ့ပြီး မြန်မာနိုင်ငံမှ Su Shwe Nadi ကုမ္ပဏီ၏ စီစဉ်မှုဖြင့် မြန်မာနိုင်ငံကြိမ်နှင့် ဝါးလုပ်ငန်းရှင်များအသင်းမှ အသင်းဝင်များနှင့် ပြည်တွင်းရှိ အခြားသော လုပ်ငန်းရှင်များက သွားရောက်ပြသနိုင်ရန် စီစဉ်ခြင်း ဖြစ်သည်။

 

လာမည့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျင်းပမည့် အဆိုပါ ပြပွဲသို့ နိုင်ငံပေါင်း ၈၀ ကျော်မှ ဝင်ရောက်ပြသမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ကြိမ်နှင့် ရက်လုပ်ထားသော ပစ္စည်းများ၊ သစ်အခြေခံ လက်မှုပစ္စည်းများ၊ လက်ဆောင်ပစ္စည်းများ၊ တိုင်းရင်းသားရိုးရာ ချည်ထည်မျိုးစုံတို့ကို ပါဝင်ပြသ သွားမည်ဖြစ်သည့်အပြင် ပြပွဲကာလအတွင်း လာရောက်ပြသသူ နိုင်ငံအချင်းချင်း ချိတ်ဆက်ကာ နည်းပညာများ၊ အတွေ့အကြုံများ ဖလှယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

စိမ်းခက်