မုံရွာ စက်တင်ဘာ ၃

 

မုံရွာမြို့ ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် သဲဖြူဆရာတော်ကြီးအား အမှူးထား၍ အလှူရှင်များ၏လှူဒါန်းမှု၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့တို့က ဦးဆောင်ပါဝင်ပံ့ပိုးမှုတို့ဖြင့် မုံရွာမြို့နှင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ နှင့်အငြိမ်းစားဝန်ထမ်းများအား အခမဲ့မျက်စိစမ်းသပ် ခွဲစိတ်ကုသပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးကြသည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လာရောက်ပြသကြသည့် ဒေသခံပြည်သူများ၊ အငြိမ်းစားဝန်ထမ်းများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး မျက်စိအထူးကုဆရာဝန်ကြီးများက မျက်စိဝေဒနာရှင်များအား စမ်းသပ်ခွဲစိတ်ကုသပေးနေမှုကို လိုက်လံကြည့်ရှုပြီး မျက်စိခွဲစိတ်လူနာများကို နေကာမျက်မှန်များနှင့် သောက်ဆေးများ ပေးအပ်သည်။ ဩဂုတ် ၂၉ ရက်မှ စက်တင်ဘာ ၃ ရက်အထိ စမ်းသပ်ပြင်ပလူနာပေါင်း ၄၁၆၇ ဦး၊ အကြီးစား ခွဲစိတ်လူနာပေါင်း ၂၈၂ ဦး၊ အသေးစား ခွဲစိတ်လူနာ ပေါင်း ၇၃ ဦးတို့ကို စမ်းသပ်ခွဲစိတ်ကုသပေးခဲ့သည်။

 

မွန်းလွဲပိုင်းတွင် မုံရွာမြို့ နန္ဒဝန်ရပ်ကွက်ရှိ အနော်ရထာလမ်း ကျောက္ကာလမ်းမှ အောင်မဟာလမ်းအထိ နိုင်လွန်ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းခွင်သို့ရောက်ရှိပြီး နိုင်လွန်ကတ္တရာလမ်း ခင်းကျင်းနေမှုကို ကြည့်ရှုစစ်ဆေးသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ဆည်မြောင်း)၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) နှင့် စက်မှုလယ်ယာ ဦးစီးဌာနရုံးများသို့ရောက်ရှိ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဆောင်ရွက်ပေးကာ အဆိုပါရုံးဝင်းများအတွင်း ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် စားဖိုဆောင်သီးနှံများ စိုက်ပျိုးထားရှိမှု၊ ရွှေဝါ ငါးကြင်း/ငါးမြစ်ချင်း/ငါးခုံးမကောင်ရေ ၅၀၀ မွေးမြူထားရှိမှုနှင့် ဒေသကြက် မွေးမြူထားရှိမှုများကို လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)