နေပြည်တော် စက်တင်ဘာ ၃
Gender/CEDAW/NSPAW/ AGMSF/ WPS အသိပညာပေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းနှင့် တာဝန်ရှိသူများ၊ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ ဌာနများမှ သင်တန်းသား ၁၆ ဦး၊ သင်တန်းသူ ၁၉ ဦးတို့တက်ရောက် ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ကမ္ဘာ တစ်ဝန်းလုံး၌ဆောင်ရွက်နေကြသည့် ကျား၊ မ တန်းတူညီမျှရေးနှင့် အမျိုးသမီး အခွင့်အရေးများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံမှ ပါဝင် ဆောင်ရွက်နေသည့် Gender/ CEDAW/ NSPAW/ AGMSF/ WPS လုပ်ငန်းစဉ်များကို သိရှိစေရန်နှင့် သက်ဆိုင်ရာ ဌာနအသီးသီး၏ လုပ်ငန်း ဆောင်ရွက်မှုများတွင် ကျား၊ မ ရေးရာကို ထည့်သွင်း စဉ်းစား ဆောင်ရွက်လာစေရန်နှင့် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများအကြား အမျိုးသမီးများ၏ အခွင့်အရေးများကို ချိတ်ဆက်မှု အားကောင်းစွာဖြင့် ပိုမိုမြှင့်တင် ဖော်ဆောင်ပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာနိုင်ငံတော်အဆင့် မဟာ ဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) ရေးဆွဲရာတွင် ပြည်ထဲရေးဝန်ကြီး ဌာနအောက်ရှိ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနနှင့်မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့မှ ကိုယ်စားလှယ်များကအဖွဲ့ဝင်အဖြစ် သက်ဆိုင်ရာ လုပ်ငန်းကော်မတီအလိုက် ပါဝင်ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ကျား၊ မ ရေးရာဆိုင်ရာ အချက်အလက်များ ကောက်ယူရန် ကျား၊ မ ရေးရာ တာဝန်ခံ Gender Focal Point များအဖြစ်လည်း ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း။
အမျိုးသမီးများအားလုံး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကဏ္ဍအလိုက် သက်ဆိုင်သည့် အခွင့်အလမ်းများကို လက်လှမ်းမီ ရရှိစေရန်နှင့် ရပ်ရွာအဆင့်မှ နိုင်ငံအဆင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များတွင် ပိုမိုပါဝင်ဆောင်ရွက်နိုင်စေရန် အတွက် ဝိုင်းဝန်းပံ့ပိုးဆောင်ရွက် ပေးသွားရမည် ဖြစ်ပါကြောင်း၊ သင်တန်းသားများ အနေဖြင့်လည်း လေ့လာရသမျှဗဟုသုတများကို ထပ်ဆင့်မျှဝေပေးခြင်း၊ မိမိတို့၏ လုပ်ငန်းများတွင် ကျား၊ မ ရေးရာအား ထည့်သွင်းစဉ်းစား ဆောင်ရွက်ခြင်းတို့ဖြင့် အမျိုးသမီးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန်နှင့် သင်တန်းမှရရှိသည့် ဗဟုသုတ၊ အသိပညာများကို လက်တွေ့လုပ်ငန်းခွင်တွင် အသုံးချ သွားကြစေလိုကြောင်း တိုက်တွန်း ပြောကြားသည်။
သင်တန်းကို နှစ်ရက်တာ ဖွင့်လှစ်မည်ဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ သင်တန်းသား သင်တန်းသူ ၃၅ ဦး တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်


