စက်တင်ဘာ ၄
တိုင်ဖွန်းမုန်တိုင်း Peipah သည် ကျူရှူအပါအဝင် ဂျပန်နိုင်ငံအနောက်ပိုင်းသို့ ချဉ်းကပ်လာကာ ယခုသီတင်းပတ်နှောင်းပိုင်းတွင် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်လာဖွယ်ရှိကြောင်း၊ နိုင်ငံအနောက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း မိုးလေဝသအေဂျင်စီက ယမန်နေ့က သတိပေးပြောကြားထားသည်။
ဂျပန်နိုင်ငံအနောက်တောင်ပိုင်း အမ်မာမီ-အိုရှီမာကျွန်း၏အရှေ့ဘက်ရေမျက်နှာပြင်တွင် အပူပိုင်း လေဖိအားနည်းရပ်ဝန်းသည် ယနေ့မနက် ၃ နာရီတွင် အပူပိုင်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိခဲ့ကြောင်း ဂျပန်မိုးလေဝသအေဂျင်စီ (JMA) က ပြောကြားသည်။
ထိုမုန်တိုင်းသည်ဒေသစံတော်ချိန် နံနက် ၆ နာရီအထိ တစ်နာရီလျှင် ကီလိုမီတာ ၃၀ နှုန်းဖြင့် မြောက်ဘက်သို့ ရွေ့လျားနေပြီး လေတိုက်နှုန်း တစ်နာရီလျှင် ကီလိုမီတာ ၉၀ ရှိကြောင်း မိုးလေဝသအေဂျင်စီက ထပ်လောင်းပြောသည်။
စက်တင်ဘာ ၅ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၆ နာရီမှ ၂၄ နာရီအတွင်း ရှီကိုကူးဒေသတွင် မိုးရေချိန် ၃၀၀ မီလီမီတာ၊ ကျူရှူ၏မြောက်ပိုင်းနှင့်တောင်ပိုင်းဒေသများတွင် ၂၀၀ မီလီမီတာနှင့် ဂျပန်နိုင်ငံအလယ်ပိုင်း တိုကိုင်ဒေသတွင် ၁၈၀ မီလီမီတာအထိရှိနိုင်သည်ဟု ထိုအေဂျင်စီကဆိုသည်။
မြေနိမ့်ပိုင်းဒေသများတွင် ရွှံ့မြေပြိုခြင်း၊ ရေလွှမ်းမိုးခြင်း၊ မြစ်ရေကြီးခြင်း၊ လေပြင်းတိုက်ခြင်းနှင့် လှိုင်းကြီးခြင်းတို့အပြင် လေဆင်နှာမောင်းအပါအဝင် မိုးကြိုးပစ်ခြင်းတို့ဖြစ်နိုင်ကြောင်း မိုးလေဝသ တာဝန်ရှိသူများက သတိပေးပြောကြားထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


