ပညာသင်ကြားခဲ့ရမှု အတွေ့အကြုံများ၊ ကြုံတွေ့ခဲ့ရသည့် လူနေမှုအဆင့်အတန်းဖွံ့ဖြိုးတိုးတက်မှုများ၊ ပတ်ဝန်းကျင်ဆိုင်ရာ နေထိုင်မှုများကို ပြန်လည်မျှဝေပေးရန်လို

 

နေပြည်တော် စက်တင်ဘာ ၄

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟာပင်းမြို့၌ အလုပ်သဘောခရီး ရောက်ရှိနေသည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဟာပင်းမြို့ရှိ တက္ကသိုလ်များ၌ ပညာသင်ကြား လျက်ရှိသည့် ပညာတော်သင် ကျောင်းသား ကျောင်းသူများအား ဒေသစံတော်ချိန် ယနေ့ညနေ ၅ နာရီခွဲတွင် ဟာပင်းမြို့ရှိ ရှန်ဂရီလာဟိုတယ်၌ တွေ့ဆုံ အမှာစကားပြောကြားသည်။

 

တွေ့ဆုံပွဲသို့‌ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာသည့် ကော်မရှင် အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်မောင်ဆွေနှင့် ပညာတော်သင် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ ဟာပင်းမြို့ရှိ တက္ကသိုလ်များတွင် တက်ရောက်ပညာ သင်ကြားလျက်ရှိသည့် ပညာတော်သင် ကျောင်းသား ကျောင်းသူများက တစ်ဦးချင်းမိတ်ဆက်ကြသည်။

 

ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင် ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံတွင် သင်တန်းများ လာရောက်တက်‌ရောက်၍ ပညာသင်ကြားခြင်း ဖြစ်သည့်အတွက် နိုင်ငံအတွက် များစွာအကျိုးဖြစ်ထွန်းစ ကြောင်း၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ဆက်ဆံရေးသည် လက်ရှိအချိန်တွင် အကောင်းဆုံး အခြေအနေတွင်ရှိနေကြောင်း၊ မိမိအနေဖြင့် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်း အဝေး(Shanghai Cooperation Organisation– SCO SUMMIT 2025 Plus)နှင့် တရုတ်ပြည်သူများ၏ ဂျပန်ခုခံ တော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ် ဆန့်ကျင်ရေး စစ်ပွဲ အောင်နိုင်ခြင်း နှစ် (၈၀) ပြည့် အထိမ်းအမှတ်စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း၊ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့သည် ကမ္ဘာကြီး၏ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အတွက် အရေးပါသည့် အဖွဲ့အစည်းဖြစ်ပြီး မကြာမီအချိန်အတွင်း မြန်မာနိုင်ငံအနေဖြင့် SCO အဖွဲ့ဝင် ဖြစ်လာမည်ဟု ယုံကြည်ကြောင်း။

 

သင်တန်းများ လာရောက် သင်ကြားချိန်တွင်သင်ကြားရသည့် ပညာရပ်များအလိုက် အကောင်းဆုံး သင်ယူသွားရန်လိုပြီး ပညာပြီးဆုံး၍ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိချိန်တွင် မိမိတို့၏ဌာန များအလိုက် မိမိတို့သင်ကြားခဲ့ရသည့် ပညာရပ်များနှင့် ပတ်သက်၍ ပြန်လည်မျှဝေပေးရန်လို ကြောင်း၊ သို့မှသာ မိမိတို့နိုင်ငံအတွက် အကျိုးရှိမည်ဖြစ်ကြောင်း၊ အလားတူ တရုတ်နိုင်ငံတွင် ပညာ သင်ကြားခဲ့ရမှု အတွေ့အကြုံများ၊ ကြုံတွေ့ခဲ့ရသည့် လူနေမှုအဆင့်အတန်း ဖွံ့ဖြိုးတိုးတက်မှုများ၊ ပတ်ဝန်းကျင်ဆိုင်ရာ နေထိုင်မှုများကိုလည်း ပြန်လည်မျှဝေပေးရန်လိုကြောင်း၊ တရုတ်နိုင်ငံတွင် ပညာသင်ကြားနေချိန်အတွင်း တရုတ်ဘာသာစကားကိုလည်း ထိုက်သင့်သလောက် တတ်ကျွမ်းအောင် လေ့လာသင်ကြားသွားရန်လိုကြောင်း။

 

လာမည့် ဒီဇင်ဘာလအတွင်း မိမိတို့နိုင်ငံတွင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲ ပြုလုပ်ချိန်တွင် ဆန္ဒမဲပေးခွင့်ရှိ သူများအားလုံး မဲပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ မဲစာရင်းများမှားယွင်းမှု နှင့် မဲမသမာမှုများ မဖြစ်စေရေး မြန်မာအီလက်ထရောနစ်မဲပေး စက်များဖြင့်အသုံးပြုသွားမည် ဖြစ်ကြောင်း၊ နိုင်ငံရပ်ခြားတွင် ပညာသင်ကြားနေချိန်အတွင်း မိမိတို့၏ ကျန်းမာရေးကောင်းမွန် စေရေး နေထိုင်ဆောင်ရွက်သွားကြရန်နှင့် ပညာသင်ကြားမှုများကိုလည်း ပြီးဆုံးအောင်မြင်သည်အထိ သင်ယူသွားကြရန် မှာကြားလိုကြောင်း ပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက သင်တန်းသားများ၏ လိုအပ်ချက်များကို မေးမြန်း ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများ ပေးအပ်ကာ ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်