လစ္စဘွန်း စက်တင်ဘာ ၄
ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့၏ နာမည်ကျော် ဂလိုရီယာ ကြိုးဆွဲရထားတစ်စင်း ယမန်နေ့တွင် ပျက်ကျခဲ့ရာ ၁၅ ဦးထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများက ပြောကြားသည်။
စက်တင်ဘာ ၃ ရက် ညနေ ၆ နာရီခန့်တွင် အဆိုပါမတော်တဆမှုဖြစ်ပွားခဲ့သည်။ သေဆုံးသူများ တွင် နိုင်ငံခြားသား အချို့ပါဝင်ပြီး ဒဏ်ရာရသူများအနက် ငါးဦးမှာ စိုးရိမ်ရကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
ဂလိုရီယာ ကြိုးဆွဲရထားသည် မြို့တော်၏ အထင်ကရနေရာတစ်ခုဖြစ်သည့် မတ်စောက်သော တောင်ကုန်းပေါ်မှ တောင်အောက်သို့ အတက်အဆင်းပြေးဆွဲသည့် ကြိုးဆွဲရထားဖြစ်ပြီး လူကြိုက်များသော ခရီးသွားဆွဲဆောင်မှုတစ်ခုလည်းဖြစ်သည်။ ကြိုးဆွဲရထားပျက်ကျစဉ် ခရီးသည် ၄၀ ကျော် လိုက်ပါခဲ့ကြောင်း ဒေသတွင်းမီဒီယာများက သတင်းဖော်ပြသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


