ရန်ကုန် စက်တင်ဘာ ၄
၂၀၂၅ MNL ယူ-၂၁ လူငယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၈) ကို သြဂုတ် ၂၉ ရက်မှ စက်တင်ဘာ ၃ ရက်အထိ ကျင်းပရာ အား/ကာသိပ္ပံအသင်း ထိပ်ဆုံးပြန်ရောက်လာသည်။
ဇယားထိပ်ဆုံးတွင် အား/ကာသိပ္ပံအသင်းနှင့် ဒဂုံစတားယူနိုက်တက်အသင်းတို့ ရမှတ် ၄၂ မှတ်စီဖြင့် အပြိုင်ဖြစ်နေပြီး အား/ကာသိပ္ပံအသင်းက ယခုတစ်ပတ်တွင် ငါးဂိုးပြတ်အနိုင်ရသဖြင့် ဂိုးကွာခြား ချက်အသာဖြင့် ထိပ်ဆုံးပြန်ရောက်လာခြင်းဖြစ်သည်။ ဇယားထိပ်ပိုင်းမှ ရန်ကုန်ယူနိုက်တက်နှင့် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းလည်း နိုင်ပွဲရယူနိုင်ခဲ့သည်။ ပွဲစဉ် (၁၈) တွင် ဒဂုံစတား ယူနိုက်တက်အသင်းက ဟံသာဝတီယူနိုက်တက်အသင်းကို တစ်ဂိုး-ဂိုးမရှိ၊ Dagon Port အသင်းက သစ္စာအားမာန်အသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ Falcon အသင်း က Junior Lions အသင်းကို တစ်ဂိုး-ဂိုးမရှိ၊ ရန်ကုန်ယူနိုက်တက်အသင်းက မဟာယူနိုက်တက်အသင်းကို ငါးဂိုးပြတ်၊ ရှမ်းယူနိုက်တက်အသင်းက ရတနာပုံအသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ အား/ကာသိပ္ပံအသင်းက ရာမညယူနိုက်တက်အသင်းကို ငါးဂိုးပြတ်ဖြင့် အနိုင်ရပြီး ဧရာဝတီယူနိုက်တက်အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့ တစ်ဂိုးစီ သရေကျခဲ့သည်။
ပွဲစဉ်(၁၈)အပြီးတွင် အား/ကာသိပ္ပံအသင်းနှင့် ဒဂုံစတားယူနိုက်တက်အသင်းက ၄၂ မှတ်စီ၊ ရန်ကုန်ယူနိုက်တက်အသင်းက ၃၇ မှတ်၊ ရှမ်းယူနိုက်တက်အသင်းက ၃၆ မှတ်၊ Junior Lions အသင်းက ရမှတ် ၃၀၊ Falcon အသင်းက ၂၈ မှတ်၊ သစ္စာအားမာန်အသင်းက ၂၇ မှတ်၊ ဧရာဝတီယူနိုက်တက် အသင်းက ၂၅ မှတ်၊ ရတနာပုံအသင်းက ၂၁ မှတ်၊ ဟံသာဝတီယူနိုက်တက်အသင်းက ရမှတ် ၂၀၊ ရာမညယူနိုက်တက်အသင်းက ၁၉ မှတ်၊ ရခိုင်ယူနိုက်တက်အသင်းက ၁၀ မှတ်၊ Dagon Port အသင်းက ရှစ်မှတ်နှင့် မဟာယူနိုက်တက်အသင်းက ငါးမှတ်ရရှိထားသည်။
သတင်း - ချစ်ကိုကို
ဓာတ်ပုံ - MNL


