ရန်ကုန်      စက်တင်ဘာ     ၄

မြန်မာစံတော်ချိန် အောက်တိုဘာ ၄ ရက် နံနက်ပိုင်းတွင်ကျင်းပမည့် ONE Fight Night 36 ပြိုင်ပွဲတွင် ဝါရင့်မြန်မာဖိုက်တာ အောင်လအန်ဆန်တွဲဆိုင်း ပါ၀င်လာမည်ဖြစ်သည်။

အောင်လအန်ဆန်သည် ဆွီဒင်ဖိုက်တာ ကိတ်စတန်နှင့် ထိုးသတ်ရမည်ဖြစ်ပြီး အသက် ၄၀ ကျော် လာပြီဖြစ်သည့် အောင်လအန်ဆန်သည် နောက်ဆုံးပွဲလည်းဖြစ်သည်။ အောင်လအန်ဆန်သည် ယခုနှစ် ဖေဖော်ဝါရီလက ထိုးသတ်ခဲ့သည့် တူကီယဲဖိုက်တာ အာဒိုဂန်နှင့် ပွဲအပြီးတွင် အနားယူရန်  စီစဉ်ခဲ့သော်လည်း အစီအစဉ်ပြောင်းကာ နောက်တစ်ပွဲထိုးသတ် ပြီးမှ အနားယူခြင်းဖြစ်သည်။ ONE Cham-pionship အဖွဲ့တွင် ဆယ်စုနှစ်တစ်ခုကျော်ကြာ ထိုးသတ်ပြီး မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ပိုင်ရှင်အဖြစ်  ရပ်တည်ခဲ့ဖူးသော အောင်လအန်ဆန်အတွက် နောက်ဆုံးပွဲ    စီစဉ်ပေးခြင်းဖြစ်ပြီး  မြန်မာပရိသတ်အများအပြားရှိသည့် ထိုင်းနိုင်ငံ၌ ကျင်းပမည့် ONE Fight Night 36 ပြိုင်ပွဲတွင် ထည့်သွင်းခဲ့ခြင်းဖြစ်သည်။

အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ၂၀၁၇ ခုနှစ် ဇွန်လမှ ၂၀၂၀ ပြည့်နှစ်   အောက်တိုဘာလအထိ၊ လိုက်ဟဲဗီးဝိတ်တန်း  ကမ္ဘာ့ချန်ပီယံဆုကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလမှ  ၂၀၂၁ ခုနှစ် ဧပြီလအထိ ထိန်းသိမ်းနိုင်ခဲ့ပြီး အအောင်မြင်ဆုံးကာလကို ပိုင်ဆိုင်နိုင်ခဲ့သည်။  အောင်လအန်ဆန်သည် ဝိတ်တန်းနှစ်ခု ချန်ပီယံခါးပတ်နှစ်ခုလက်လွှတ်ခဲ့ရပြီးနောက် မစ်ဒယ်ဝိတ် တန်းစိန်ခေါ်ပွဲ ခုနစ်ပွဲအထိ ထိုးသတ်ခဲ့ပြီး ချန်ပီယံခါးပတ်စိန်ခေါ်ခွင့်ရရန် ပြန်လည်ကြိုးပမ်းသော် လည်း အဆင်မပြေခဲ့ပေ။

ONE Fight Night 36 ပြိုင်ပွဲကို အမေရိကန် ပရိသတ်များအတွက် ရည်ရွယ်ကျင်းပသောကြောင့် မြန်မာစံတော်ချိန် အောက်တိုဘာ ၄ ရက် နံနက် ၇ နာရီတွင် ထိုင်းနိုင်ငံ၌(အမေရိကန်စံတော်ချိန် အောက်တိုဘာ ၃ ရက် ည ၉ နာရီ) ကျင်းပမည်ဖြစ်ပြီး နာမည်ကြီးဖိုက်တာများလည်း ပါဝင်ထိုးသတ်မည်ဖြစ်ကြောင်း သိရသည်။

သတင်း - ရှိုင်းထက်ဇော်

ဓာတ်ပုံ - ONE