ပဲခူး   စက်တင်ဘာ   ၄

ပဲခူးမြို့ ဥဿာမြို့သစ်ရှိ တိုင်းဒေသကြီး အားကစားဥယျာဉ် မိုးလုံလေလုံအားကစားရုံ၌ စက်တင်ဘာ ၄ ရက် မွန်းလွဲပိုင်းက ၂ဝ၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ်ခြင်းလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပသည်။

ဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား ကျောင်းသူများနှင့် ခြင်းလုံးဝါသနာရှင်ပြည်သူများက အမျိုးသားဗိုလ်လုပွဲစဉ်အဖြစ် မန္တလေးတိုင်း ဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို  ကြည့်ရှုအားပေးကြ သည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပရာ တက်သစ်စအမျိုးသမီးကစားသမားဆုရရှိသူ အိမ့်မြတ်မြတ်မိုး(ရှမ်းပြည်နယ်အသင်း)နှင့် တက်သစ်စအမျိုးသားကစားသမားဆုရရှိသူ ဟိန်းဇော်ဝင်း(ရန်ကုန်တိုင်းဒေသကြီးအသင်း)တို့အား မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးထွန်းလင်းသောင်းနှင့် ဦးဝင်းတင့်တို့က ဂုဏ်ပြုအမှတ်တရလက်ဆောင်ပေးအပ်ပြီး အကောင်းဆုံး အမျိုးသမီးကစားသမားဆုရရှိသူ ခင်ပပမျိုး(မန္တလေးတိုင်းဒေသကြီးအသင်း)နှင့် အကောင်းဆုံး အမျိုးသားကစားသမားဆုရရှိသူ ဇေယံစိုး(ပဲခူးတိုင်းဒေသကြီးအသင်း)တို့အား မြန်မာနိုင်ငံ ခြင်းလုံး အဖွဲ့ချုပ် နာယက ဦးစိုးတင့်နှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်းတို့က ဂုဏ်ပြုဆုတံဆိပ်နှင့်   ငွေသားဆုများ  ချီးမြှင့်ပေးအပ်သည်။

ယင်းနောက် အမျိုးသမီး လေးပေါက်တန်းပြိုင်ပွဲတွင် တတိယဆုရရှိသော ပဲခူးတိုင်းဒေသကြီးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု ခုနစ်သိန်းကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကျော်စိုးက  လည်းကောင်း၊  အမျိုးသား ခြောက်ပေါက်တန်းပြိုင်ပွဲတွင် တတိယဆုရရှိသော ပဲခူးတိုင်းဒေသကြီးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု ခုနစ်သိန်းကို တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစောလင်းအောင်က  လည်းကောင်း၊ အမျိုးသမီး လေးပေါက်တန်းပြိုင်ပွဲတွင် ဒုတိယဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆု  ၁၀  သိန်းကို လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦတင်ဆွေက လည်းကောင်း၊ အမျိုးသား ခြောက်ပေါက် တန်းပြိုင်ပွဲတွင် ဒုတိယဆုရရှိသော   မန္တလေးတိုင်းဒေသကြီးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု ၁၀ သိန်းကို လူမှုရေးရာဝန်ကြီးက လည်းကောင်း၊ အမျိုးသမီး လေးပေါက်တန်းပြိုင်ပွဲ တွင်   ပထမဆုရရှိသော မန္တလေးတိုင်းဒေသကြီးအသင်းအား  တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆု ၁၅ သိန်းကို သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်းက လည်းကောင်း၊ အမျိုးသား ခြောက်ပေါက် တန်းပြိုင်ပွဲတွင် ပထမဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆု ၁၅ သိန်းကို စီးပွားရေးရာ ဝန်ကြီး ဦးတင်ဦးကလည်းကောင်း ချီးမြှင့်ပေးအပ်ကြသည်။

ဆက်လက်၍ အမျိုးသမီး လေးပေါက်တန်းပြိုင်ပွဲတွင် တံခွန်စိုက်ဆုရရှိသော မန္တလေးတိုင်းဒေသကြီးအသင်းအား အမျိုးသမီးတံခွန်စိုက်ဆုကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး ဦးထိန်လင်းက ချီးမြှင့်ပေးအပ်ပြီး  အမျိုးသား ခြောက်ပေါက်တန်းပြိုင်ပွဲတွင် တံခွန်စိုက်ဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်းအား ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တံခွန်စိုက်ဆုချီးမြှင့် ပေးအပ်ခဲ့ကြပြီး ပြိုင်ပွဲကြီးကြပ်ရေးဒိုင်အဖွဲ့များအား အမှတ်တရဂုဏ်ပြုလက်ဆောင်များ   ပေးအပ်ခဲ့ကြောင်း သိရသည်။     

တိုင်းဒေသကြီး(ပြန်/ဆက်)