နေပြည်တော် စက်တင်ဘာ ၄

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

 

စက်တင်ဘာ ၃ ရက်တွင် ချင်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တီးတိန်မြို့ စကောလမ်းရပ်ကွက်၌ လိုင်စင်မဲ့ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အပြင် စက်တင်ဘာ ၂ ရက်တွင် မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်လမြိုင်ခရိုင်နှင့် သထုံခရိုင်တို့အတွင်း၌ လိုင်စင်မဲ့ဆိုင်ကယ် ၁၆ စီး (ခန့်မှန်း တန်ဖိုး ငွေကျပ် ၄၈၀၀၀၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ ကျိုက်ထိုမြို့နယ် ဘိုက္ကားကျေးရွာ၌ ယာဉ် ၁၅ စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၁၃၈ မျိုး၊ လူသုံးကုန်ပစ္စည်း ၆၇ မျိုး၊ စားသောက်ကုန်ပစ္စည်း သုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၈၁၂၃၆၂၀၀) နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck ကိုးစီး၊ Hino Profia Truck သုံးစီး၊ Isuzu Giga Truck နှစ်စီး၊ Doh Shwe Myanmar Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၂၅၀၀၀၀၀၀) ကို အကောက်ခွန်လုပ်ထုံး လုပ်နည်းများအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၅၄၂၃၆၂၀၀ ကို သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိသည်။

 

ယင်းအပြင် သြဂုတ် ၂၉ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကလေးမြို့နယ်နှင့် ရွှေဘိုမြို့နယ်အတွင်း၌ လိုင်စင်မဲ့ဆိုင်ကယ်ငါးစီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၅၀၀၀၀၀) ကိုလည်းကောင်း၊ ကံတလူပူးပေါင်းစစ်ဆေးရေးဂိတ်နှင့် ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်တို့၌ လိုင်စင်မဲ့ယာဉ် နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၅၀၀၀၀၀) ကိုလည်းကောင်း၊ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၂၈ မျိုး၊ စားသောက်ကုန်ပစ္စည်း တစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ်၄၉၅၈၈၀၀၀) ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၇၅၈၈၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ စက်တင်ဘာ ၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မုတ္တမဆိပ်ကမ်း၌ မြိတ်မြို့မှ ရန်ကုန်မြို့သို့ ဆိုက်ကပ်လာသည့် ရေယာဉ် တစ်စင်းပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ကိုးမျိုး၊ လူသုံးကုန်ပစ္စည်း ငါးမျိုး (ခန့်မှန်းတန်ဖိုး ငွေ ၁၁၂၀၆၈၇၅၇၅ ကျပ်) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် M.V Yadanar Win ရေယာဉ် တစ်စင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀၀၀၀) နှင့် ပန်းဘဲတန်းမြို့နယ် (၂၈) လမ်း အလယ်ဘလောက်ရှိ လျှပ်စစ်ပစ္စည်း အရောင်းဆိုင်၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် အိမ်သုံးလျှပ်စစ်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၉၀၀၀၀) တို့ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ သုံးခွမြို့နယ်၊ ခရမ်းမြို့နယ်၊ ဒဂုံမြို့သစ်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ သာကေတမြို့နယ်နှင့် ဒေါပုံမြို့နယ်တို့ အတွင်း၌ လိုင်စင်မဲ့ဆိုင်ကယ် ၁၀ စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄၅၀၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေ ၁၆၂၇၀၂၇၅၇၅ ကျပ်ကို သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အပြင် စက်တင်ဘာ ၂ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးစခန်း၌ ယာဉ်တစ်စီးပေါ်မှ တရားမဝင် ကျွန်းသစ် သုည ဒသမ ၃၉၈ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၉၇၂၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၇၉၇၂၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

သြဂုတ် ၂၉ ရက်၊ စက်တင်ဘာ ၂ ရက်နှင့် ၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၈၄မှု (ခန့်မှန်းတန်ဖိုးငွေ ၄၅၁၀၁၄၈၉၇၅ ကျပ်) ကို သိမ်းဆည်းရမိခဲ့သည်။ ထိုကဲ့သို့ တရားမဝင် တင်သွင်းလာမှုများကြောင့် တရားဝင်တင်သွင်းသည့် ကုန်သည်လုပ်ငန်းရှင်များအတွက် စျေးကွက်ယှဉ်ပြိုင်နိုင်မှုစွမ်းအား ကျဆင်းခြင်းနှင့် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်နိုင်စေပြီး နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာဆုံးရှုံးနစ်နာခြင်းများ ဖြစ်ပေါ်စေနိုင်သည်။ သို့ဖြစ်ပါ၍ တရားမဝင် ကုန်စည်တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမိုတားဆီးစစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

 

သတင်းစဉ်