ရန်ကုန် စက်တင်ဘာ ၄
မလေးရှားနိုင်ငံက ဦးဆောင် ကျင်းပသည့် (၃၃)ကြိမ်မြောက် ဆီးဂိမ်းအကြို ကဘာဒီ (kabaddi)အားကစားပြိုင်ပွဲကို လေ့လာရန်နှင့် မြန်မာကဘာဒီအားကစား ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးမှုများဆောင်ရွက်ရန် မြန်မာနိုင်ငံ ကဘာဒီအားကစားအဖွဲ့ချုပ်သည် ယနေ့မွန်းလွဲပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မလေးရှားနိုင်ငံသို့ ထွက်ခွာသွားကြောင်း သိရသည်။
အဆိုပါ မြန်မာနိုင်ငံ ကဘာဒီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်နိုင်နှင့် ဒုတိယဥက္ကဋ္ဌများ ပါဝင်သောအဖွဲ့သည် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပထမဦးဆုံး ကစားနည်းအသစ်အဖြစ် ထည့်သွင်းကျင်းပမည့် ကဘာဒီအားကစားနည်းကို ဝင်ရောက်ယှဉ်ပြိုင်ပြီး အောင်မြင်မှုများရရှိနိုင်ရန် ရည်ရွယ်၍ မလေးရှားနိုင်ငံ ပီနန်းမြို့၌ စက်တင်ဘာ ၅ ရက်နှင့် ၆ ရက်တွင် ပြုလုပ်မည့် အရှေ့တောင်အာရှ ကဘာဒီအဖွဲ့ချုပ်အစည်းအဝေးသို့ တက်ရောက်ဆွေးနွေးမည်ဖြစ်ပြီး (၃၃)ကြိမ်မြောက် ဆီးဂိမ်းအကြို ကဘာဒီအားကစားပြိုင်ပွဲကို လေ့လာကြည့်ရှုမည်ဖြစ်သည်။
(၃၃)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကဘာဒီအားကစားအဖွဲ့ချုပ်မှ အမျိုးသား သုံးယောက်တွဲ၊ လေးယောက်တွဲ၊ ငါးယောက်တွဲပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
အာကာစိုး


