စက်တင်ဘာ ၅

ယူဂန်ဒါနိုင်ငံတွင် မျောက်ကျောက်ရောဂါဖြစ်ပွားသူ ၈၀၀၁  ဦးအထိရှိလာကြောင်း အတည်ပြုထားပြီး  ရောဂါကူးစက်မှုအသစ်များကျဆင်းလာကာ သေဆုံးသူဦးရေ ၅၀ ရှိကြောင်း  ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က ပြောကြားသည်။

လွန်ခဲ့သော ၂၄ နာရီအတွင်း ယင်းရောဂါဖြစ်ပွားသူ ၁၅ ဦးနှင့် သေဆုံးသူ နှစ်ဦးရှိကြောင်း ထိုဝန်ကြီးဌာနက ပြောကြားသည်။

၂၀၂၄ ခုနှစ် ဩဂုတ်လက မျောက်ကျောက်ရောဂါဖြစ်ပွားမှု ကြေညာချက်ထုတ်ပြန်ခဲ့ရာတွင် အပတ်စဉ်ရောဂါဖြစ်ပွားမှုများကျဆင်းမှုရှိလာသည်ဟု ယင်းဝန်ကြီးဌာနက မှတ်ချက်ပြုခဲ့သည်။

၂၀၂၄ ခုနှစ် အောက်တိုဘာလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် သီတင်းပတ်ခြောက်ပတ်ဆက်တိုက်တွင် သီတင်းပတ်တစ်ပတ်လျှင် ရောဂါဖြစ်ပွားသူဦးရေ ၁၀၀ အောက် ရှိကြောင်း ဖော်ပြထားသည်။

ယနေ့အထိ ခရိုင် ၁၄၆ ခုအနက် ခရိုင် ၁၂၀ တွင်  ရောဂါစတင်ဖြစ်ပွားချိန်မှစတင်ကာ တစ်ဦးထက်မနည်း ရောဂါဖြစ်ပွားခဲ့ပြီး ခရိုင် ၄၀ တွင်  လွန်ခဲ့သော ၂၁ ရက်အတွင်း ကူးစက်မှုများထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါအတည်ပြုထားသောရောဂါဖြစ်ပွားမှုများကြားတွင်သေဆုံးသူ ၅၀ ရှိရာ ၎င်းတို့အနက် ၄၆ ရာခိုင်နှုန်းသည် အိတ်ချ်အိုင်ဗွီပိုးကူးစက်ခံထားရသည်ဟု အစီရင်ခံစာတွင်ဖော်ပြထားသည်။

ထိုရောဂါကူးစက်ဖြစ်ပွားမှုကိုဟန့်တားရန် ကာကွယ်ဆေးထိုးလှုပ်ရှားမှုများ၊ စောင့်ကြည့်မှု၊ စီမံခန့်ခွဲမှုနှင့် လူထုအသိပညာပေးမှုများကို ကျန်းမာရေးအာဏာပိုင်များက ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

မျောက်ကျောက်ဟုလည်းလူသိများသော ထိုရောဂါသည် အနီးကပ်ထိတွေ့မှုမှ ကူးစက်နိုင်သော ဗိုင်းရပ်စ်ကူးစက်ရောဂါဖြစ်သည်။ ယင်းရောဂါလက္ခဏာများတွင် ဖျားခြင်း၊ ရောင်ရမ်းခြင်း၊ လည်ချောင်းနာခြင်း၊ ကြွက်သားနာကျင်ခြင်း၊ အရေပြားနီမြန်းခြင်းနှင့် ခါးနာခြင်းတို့ ပါဝင်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို