မြန်မာနိုင်ငံနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများအတွက် ယုံယုံကြည်ကြည်ဖြင့် လာရောက်ရင်းနှီးမြှုပ်နှံရန်ဖိတ်ခေါ်

နေပြည်တော် စက်တင်ဘာ ၆

မြန်မာ-တရုတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဒုတိယအကြိမ် တွေ့ဆုံပွဲကို ယနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီချွမ်ပြည်နယ် ချန်ဒူးမြို့ရှိ Shangrila ဟိုတယ်၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားသည်။ အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ခရီးစဉ်တွင် လိုက်ပါ လာကြသည့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊  မြန်မာ နိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသည့်ပုဂ္ဂိုလ်များနှင့် ရင်းနှီးမြှုပ်နှံထားသည့် ယူနန်ပြည်နယ်၊ စီချွမ်ပြည်နယ်၊ ချုံချင့်မြူနီစပယ်မြို့နှင့် ဟူနန်ပြည်နယ်တို့မှ တရုတ်စီးပွားရေးလုပ်ငန်းရှင်များ၊ စီးပွားရေးပညာရှင်များ ၁၂၀ ကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုကျယ်ပြန့်လာ

ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် မိုင်ပေါင်း ၁၃၀၀ ကျော် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည့်အတွက် နှစ်နိုင်ငံအကြား စီးပွားရေး၊ လူမှုရေး၊ နယ်စပ်ကုန်သွယ်ရေး၊ အခြေခံအဆောက်အအုံများ တည်ဆောက်ရေး၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးနှင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး တို့သည် အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိနေကြောင်း၊ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးသည် ၁၉၅၀ ပြည့်နှစ်မှစတင်၍ ထူထောင်ခဲ့ပြီး နောက်ပိုင်း နှစ်နိုင်ငံဆက်ဆံရေးတွင် မဟာဗျူဟာ မိတ်ဖက်၊ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးရှိသည်အထိ အိမ်နီးချင်းနိုင်ငံကောင်းများ ဖြစ်လာကြကြောင်း၊ အထူးသဖြင့် နှစ်နိုင်ငံအကြားစီးပွားရေးအရ ပူးပေါင်း ဆောင်ရွက်မှုများဖြစ်သည့် ကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ်နှံမှုများ၊ အခြားသောနယ်ပယ်ပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများတွင် ပိုမိုကျယ်ပြန့်လာခဲ့ ကြောင်း၊ ၂၀၁၁ ခုနှစ်တွင် ဘက်စုံလွှမ်းခြုံသော မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာသည် (Myanmar-China Comprehensive Strategic Cooperative Partnership) ကို နှစ်နိုင်ငံအကြား စတင်နိုင်ခဲ့ပြီး စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်း ဆောင်ရွက်မှု အလားအလာကောင်းများဖြင့် နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုပမာဏတို့သည် သိသာထင်ရှားစွာ တိုးတက်လာခဲ့ကြောင်း။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အများဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံသည့် နိုင်ငံပေါင်း ၅၃ နိုင်ငံအနက် အဆင့် ၂ နေရာတွင်ရှိကြောင်း၊ မိမိတို့ နှစ်နိုင်ငံအကြား ကုန်သွယ်မှုတန်ဖိုးမှာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် စုစုပေါင်း အမေရိကန်ဒေါ်လာသန်း ၈၀၀၀ ကျော်၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် စုစုပေါင်း အမေရိကန်ဒေါ်လာသန်း ၇၇၀၀ ကျော်နှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဇူလိုင်လအထိ စုစုပေါင်းအမေရိကန် ဒေါ်လာသန်း ၃၀၀၀ ကျော်ရှိသည့်အတွက် နှစ်နိုင်ငံအကြား ကုန်သွယ်မှု ခိုင်မာအားကောင်းနေသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဆန်၊ ပဲမျိုးစုံနှင့် နှမ်းစသည့် စိုက်ပျိုးရေးထွက်ကုန်များ၊ ကျွန်း၊ သစ်မာကုန်ကြမ်းများနှင့် သစ်အခြေခံ အချောထည်ထုတ်ကုန်များကို အဓိကတင်ပို့လျက်ရှိကြောင်း၊ ထို့အပြင် မိမိတို့အနေဖြင့် တန်ဖိုးမြင့်သစ် အခြေခံထုတ်ကုန်များအဖြစ်ထုတ်လုပ်ပြီး ပြည်တွင်း ပြည်ပဈေးကွက်များကို ဖြန့်ဖြူး တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အတွက် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့ကို ယခုထက် ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း။

မိမိတို့နှစ်နိုင်ငံသည် နယ်နိမိတ်ချင်းထိစပ်နေသည့်အတွက် ကုန်သွယ်မှုပြုလုပ်ရာတွင် နယ်စပ်ဂိတ်များသည် အရေးပါသောကဏ္ဍမှ ပါဝင်နေကြောင်း၊ နှစ်နိုင်ငံအကြား နယ်စပ်ဒေသများ စီမံခန့်ခွဲရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်အရ မြန်မာ-တရုတ် နယ်စပ် တစ်လျှောက်တွင် စုစုပေါင်း နယ်စပ်ဂိတ်ရှစ်ခုရှိပါကြောင်း၊ လက်ရှိအချိန်တွင် နယ်မြေလုံခြုံရေး အခြေအနေအရ အဆိုပါနယ်စပ် ဂိတ်ရှစ်ခုအနက် မူဆယ်-ရွှေလီ နယ်စပ်ဂိတ် တစ်ခုသာ ဖွင့်လှစ်ထားရှိနိုင်ပြီး ကျန်နယ်စပ်ကုန်သွယ်ရေးဂိတ်များအား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အကြမ်းဖက် တိုက်ခိုက်မှုလုပ်ရပ်များကြောင့် ရပ်တန့်ထားရကြောင်း၊ မိမိတို့နှစ်နိုင်ငံကုန်သွယ်မှုကို ထိခိုက်စေခဲ့ကြောင်း၊ နယ်စပ်ဒေသကုန်သွယ်ရေးသည် နှစ်နိုင်ငံပြည်သူများ၏ လူမှုစီးပွားဘ ဝတိုးတက်ရေးကို တိုက်ရိုက်အထောက်အကူပြုနေသောကြောင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းပြီး ကုန်သွယ်ရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်အောင် တတ်နိုင်သရွေ့ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ပေးကြရန် လိုအပ်သည်ကို ပြောကြားလိုကြောင်း။

ကုန်စည်စီးဆင်းမှုများ  ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်မည်

ယခုအခါ မြန်မာ-တရုတ်နယ်စပ်ဒေသ မတည်ငြိမ်မှုများကြောင့် ယူနန်ပြည်နယ်၊ စီချွမ်ပြည်နယ်၊ ချုံချင့်မြူနီစပယ်ဒေသများ၏ စီးပွားရေးကိုလည်း ထိခိုက်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့ အနေဖြင့် နှစ်နိုင်ငံနယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်မည်ဆိုပါက ကုန်စည်စီးဆင်းမှုများ ယခင်ထက် ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အပြင် မြန်မာနိုင်ငံ အရှေ့မြောက်ဒေသမှ တစ်ဆင့် ယူနန်ပြည်နယ်၊ စီချွမ်ပြည်နယ်၊ ချုံချင့်မြူနီစပယ်ဒေသ၊ ကွမ်ရှီးပြည်နယ်၊ နန်နင်းမြို့အထိ ကုန်သွယ်ရေး လမ်းကြောင်းအား တိုးချဲ့ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါကုန်သွယ်ရေး လမ်းကြောင်းသည် တရုတ်-မြန်မာနှစ်နိုင်ငံလုံးအတွက် အဓိကကုန်သွယ်ရေးလမ်းကြောင်း ဖြစ်လာမည့်အပြင် တရုတ်နိုင်ငံ အရှေ့တောင်ပိုင်းဒေသ၊ အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများမှ မြန်မာနိုင်ငံကို ပေါင်းကူးတံတား (Landbridge) အနေဖြင့် အသုံးပြုပြီး အာဆီယံနိုင်ငံများသို့လည်း စီးပွားရေးဆိုင်ရာ ကုန်သွယ်ချိတ်ဆက်မှုများ လုပ်ဆောင်လာနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးကို ဦးစွာ အလေးထား ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်လည်တိုးချဲ့ ဖွင့်လှစ်နိုင်ပါက ကုန်ပစ္စည်း အမျိုးအစားများနှင့် တန်ဖိုးမြင့်ထုတ်ကုန်များ(Value-Added Products) ချဲ့ထွင် တင်/ပို့ရေး၊ လမ်းပန်းဆက်သွယ်ရေး တိုးချဲ့ဖောက်လုပ်ရေးနှင့် အဆင့်မြှင့်တင်ရေး၊ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရေးကိစ္စရပ်များကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း။

တရုတ်နိုင်ငံ၏ အကူအညီအနေဖြင့် မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး နှင့် ကျန်းမာရေးကဏ္ဍ၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်၊ စိုက်ပျိုးရေး၊ စက်မှုနှင့်ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍများတွင် စီမံကိန်းများအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ချန်ဒူးမြို့သည် တရုတ်နိုင်ငံအနောက်ပိုင်းရှိ အဓိကစီးပွားရေးစင်တာ ဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံအတွက် ကုန်သွယ်ရေး၊ နည်းပညာ၊ ခရီးသွားလုပ်ငန်း၊ စွမ်းအင် စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများစွာရှိကြောင်း၊ ချန်ဒူးမြို့တွင် Intel၊ Foxconn၊ Dell တို့ကဲ့သို့ အီလက်ထရောနစ်နှင့် အိုင်တီနည်းပညာကုမ္ပဏီများ၊ စက်မှု လုပ်ငန်းများ၊ မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းများ၊ စားသောက်ကုန်နှင့် ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီများ စသည့်လုပ်ငန်းများစွာ လုပ်ကိုင်ဆောင်ရွက်နေသည်ကို လေ့လာသိရှိရကြောင်း၊ ထို့ပြင်ချန်ဒူးမြို့တွင် နည်းပညာကဏ္ဍ နှင့်ပတ်သက်၍ များစွာ ဖွံ့ဖြိုးတိုးတက် နေသည်ကိုတွေ့ရှိရပြီး တရုတ်နိုင်ငံ အနောက်ပိုင်းဒေသတွင် ပထမဆုံး AI နည်းပညာ ဆန်းသစ်တီထွင်မှုနှင့် အသုံးချမှု စမ်းသပ်ဇုန်အဖြစ် မှတ်တိုင်ထူခဲ့သည်ကို လေ့လာသိရှိရကြောင်း၊ မိမိအနေဖြင့် အဆိုပါလုပ်ငန်း များနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်သွားလိုသည်ကို ပြောကြားလိုကြောင်း။

ညှိနှိုင်းဆောင်ရွက်လျက်ရှိ

လက်ရှိအချိန်တွင် မြန်မာနိုင်ငံနှင့် စီချွမ်ပြည်နယ်တို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကဏ္ဍများစွာရှိကြောင်း၊ စီချွမ်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့အကြား စီးပွားရေး၊ ကူးသန်း ရောင်းဝယ်ရေး၊ အခြေခံ အဆောက်အအုံများ တည်ဆောက်ရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေရေးအတွက် ချစ်ကြည်ရင်းနှီးသောပူးပေါင်း ဆောင်ရွက်မှုဆက်ဆံရေး တည်ထောင်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ချန်ဒူးမြို့နှင့် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန် မြို့တို့အကြားတွင်လည်း ချစ်ကြည်ရေးညီအစ်မမြို့ တည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုးသွားရန်ရှိကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံနှင့် စီချွမ်ပြည်နယ်တို့အကြား စီးပွားရေး နှင့် ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်သွားနိုင်ရေး၊ ခရီးသွား လုပ်ငန်း၊ ယဉ်ကျေးမှုဖလှယ်နိုင်ရေးနှင့် ပြည်သူအချင်းချင်း ကူးလူးဆက်ဆံနိုင်ရေးတို့အတွက် ကိုဗစ်- ၁၉ ကပ်ရောဂါ ဖြစ်ပွားစဉ်ကာလကတည်းက ရပ်ဆိုင်းထားခဲ့သည့် ရန်ကုန်-ချန်ဒူး ခရီးသည်တင် လေကြောင်းလိုင်းများကိုလည်း ပြန်လည်ပြေးဆွဲနိုင်ရန်အတွက် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း။

မြန်မာနိုင်ငံသည် ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် လူဦးရေ များပြားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြားတွင် နယ်နိမိတ်ချင်းထိစပ်တည်ရှိနေသည့်အတွက် ကုန်သွယ်မှုများ ပြုလုပ်ရန် အခွင့်အလမ်းများစွာ ရှိသည့်နိုင်ငံဖြစ်ကြောင်း၊ ထို့ပြင်မြန်မာနိုင်ငံသည် တောင်အာရှ၊ အရှေ့တောင်အာရှနှင့် တရုတ်နိုင်ငံတို့ ဆုံဆည်းရာနေရာ၌ ပထဝီအနေအထားအရ အချက်အချာကျကျ တည်ရှိလျက်ရှိကြောင်း၊ လမ်းပန်းဆက်သွယ်မှုအနေဖြင့်လည်း လမ်းဆုံနေရာတွင် တည်ရှိနေပြီး တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ကို ဖန်တီးပေးနိုင်မည့် နိုင်ငံ ဖြစ်ကြောင်း၊ သို့ဖြစ်၍ လမ်းပန်းဆက်သွယ်ရေးကဏ္ဍနှင့် အခြေခံအဆောက်အအုံကဏ္ဍများသည် တရုတ်နိုင်ငံအတွက် အလားအလာကောင်းများစွာရှိသည်ကို အသိပေး ပြောကြားလိုကြောင်း။

ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းတွင်ပါဝင်ဆောင်ရွက်လျက်ရှိ

တရုတ်နိုင်ငံက ဦးစီးဆောင်ရွက်နေသည့် ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်း (Belt and Road Initiative-BRI) တွင် မြန်မာနိုင်ငံအနေဖြင့် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားလိုပါတယ်။ အဆိုပါ စီမံကိန်းတွင် ကုန်းလမ်းနှင့် ရေကြောင်း လမ်းနှစ်သွယ်ဖြင့် ပိုးလမ်းမစီမံကိန်းဟူ၍ မဏ္ဍိုင်နှစ်ရပ်ပါရှိပြီး ပထမမဏ္ဍိုင်တွင် တရုတ်နှင့်ဥရောပနိုင်ငံများ စီးပွားရေးချိတ်ဆက်မှု ပိုးလမ်းမသစ် (Silk Road Economic Belt) နှင့် ဒုတိယမဏ္ဍိုင်တွင် အရှေ့တောင်အာရှ၊ အာဖရိကနှင့် ဥရောပနိုင်ငံတို့နှင့် ရေကြောင်း ဆိုင်ရာဆက်သွယ်မှု ပိုးလမ်းမ (Maritime Silk Road) ဟူ၍ သတ်မှတ်ထားရှိကြောင်း။

အဆိုပါစီမံကိန်းတွင် အပြည်ပြည်ဆိုင်ရာစင်္ကြံခြောက်ခုပါရှိကာ မြန်မာနိုင်ငံအနေဖြင့် ကုန်းလမ်းနှင့် ရေလမ်း နှစ်မျိုးလုံး အသုံးပြုနိုင်သည့် ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ (BCIM) စီးပွားရေးစင်္ကြံနှင့် တရုတ်-အင်ဒိုချိုင်းနားကျွန်းဆွယ် စီးပွားရေးစင်္ကြံတို့တွင် ပါဝင်ပတ်သက်လျက်ရှိကြောင်း၊ မြန်မာ နိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများတွင် ကုန်းမြေတည်ရှိမှုအရ အကြီးဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်ပြီး ပထဝီနိုင်ငံရေးမဟာဗျူဟာအရလည်း အချက်အချာကျသည့် နိုင်ငံတစ်ခုဖြစ်သည့်အပြင် အာရှ အဝေးပြေးလမ်းနှင့် အာရှဖြတ်ကျော်ရထားလမ်းကွန်ရက်နှစ်ခုလုံး၏ အစိတ်အပိုင်းဖြစ်သည့်အတွက် ပိုးလမ်းမစီးပွားရေးရပ်ဝန်းတွင် အရေးပါသည့်နိုင်ငံဖြစ်ကြောင်း၊ အဆိုပါရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်း အောက်တွင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (China-Myanmar Economic Corridor- CMEC)ကို တည်ထောင်ထားပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရန်၊ နယ်စပ်ဒေသများတွင် အထူးစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်များ တည်ထောင်ရန် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း၊ CMEC မူဘောင်အောက်မှတစ်ဆင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံဆိုင်ရာ ဆောလျင်စွာ ဆောင်ရွက်မည့်စီမံကိန်း (Early Harvest Project) ခြောက်ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံအောက်တွင် နှစ်နိုင်ငံအကြား အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသည့် စီမံကိန်းများနှင့်ပတ်သက်၍ ပြောကြားလိုကြောင်း၊ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံတွင် ကျောက်ဖြူ ရေနက် ဆိပ်ကမ်းစီမံကိန်း၊ တရုတ်-မြန်မာ ရထားလမ်း စီမံကိန်း၊ တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် မဟာဓာတ်အားလိုင်းစီမံကိန်း စသည့် အရေးကြီးသောစီမံကိန်းများစွာ လုပ်ကိုင်ဆောင်ရွက်လျက် ရှိကြောင်း၊ အဆိုပါစီမံကိန်းများအနက် တရုတ်-မြန်မာ ရထားလမ်းစီမံကိန်းသည် မိမိတို့နှစ်နိုင်ငံ အကြား နယ်စပ်ကုန်သွယ်ရေးအတွက် အကျိုးရလဒ်ကောင်းများ ရရှိနိုင်သည့် အရေးပါသောစီမံကိန်း တစ်ခု ဖြစ်ကြောင်း။

 

အဆိုပါမီးရထားလမ်းစီမံကိန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ပြီး ကုန်သွယ်နိုင်မည်ဆိုပါက မိမိတို့ နှင့် ပထဝီအနေအထားအရ အလှမ်းဝေးကွာသော်လည်း နှစ်နိုင်ငံလုံးနှင့် ဆက်ဆံရေးကောင်းမွန် လျက်ရှိသော ရုရှားဖက်ဒရေးရှင်းနိုင်ငံအထိ ကုန်သွယ်မှုပြုလုပ်နိုင်မည့် အလားအလာကောင်းများ ရှိသည်ကိုလည်း တွေ့ရှိရကြောင်း၊ အာရှတိုက်နှင့် ဥရောပတိုက် နှစ်ခုလုံးတွင်ပါဝင်သော ရုရှားနိုင်ငံ၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့အကြား အလယ်ဗဟိုတွင်ရှိသော မြန်မာနိုင်ငံတို့အကြား ကုန်သွယ်မှုနှင့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပထဝီအနေအထားအရ အချက်အချာကျလှကြောင်း၊ မိမိတို့အနေဖြင့် ရုရှားနိုင်ငံ၏ ဗဟိုချက်မမြို့တစ်မြို့ဖြစ်သော နိုဗိုစီဗစ်မြို့နှင့် ဥရောပတိုက်ဘက်တွင် တည်ရှိသော ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သည့် စိန့်ပီတာစဘတ်မြို့တို့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆိုင်ရာ မြန်မာကောင်စစ်ဝန်ချုပ်ရုံးများ ဖွင့်လှစ်ထားရှိပြီးဖြစ်၍ နှစ်နိုင်ငံအကြား ကုန်စည် ကူးသန်းမှုများ တိုးမြှင့်ဆောင်ရွက်သွားရန် မျှော်လင့်ထားကြောင်း၊ တရုတ်နိုင်ငံရှိ ချုံချင့်၊ ကူမင်း၊ နန်နင်း၊ ဟောင်ကောင် မြို့များတွင်လည်း မြန်မာကောင်စစ်ဝန်ချုပ်ရုံးများ ဖွင့်လှစ်ထားရှိပြီးဖြစ်ရာ နှစ်နိုင်ငံကုန်သွယ်ရေးကဏ္ဍ မြှင့်တင်ရေးကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အလယ်တွင် တည်ရှိလျက်ရှိရာ မြန်မာ - တရုတ် - ရုရှား သုံးနိုင်ငံပူးပေါင်း၍ ကုန်သွယ်ရေးကဏ္ဍအား တိုးချဲ့ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသတွင်း ကုန်စည်စီးဆင်းမှုကိုလည်း များစွာအထောက်အကူပြုနိုင်သည့် အခွင့်အလမ်းကောင်းများ ထွက်ပေါ်လာနိုင်ကြောင်း။

မြန်မာနိုင်ငံသည် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership-RCEP) သဘောတူစာချုပ် ကို အတည်ပြုခဲ့သည့် ပထမဆုံးနိုင်ငံများအနက် တစ်နိုင်ငံဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာ နိုင်ငံကို RCEP သဘောတူစာချုပ်တွင် ၂၀၂၂ ခုနှစ် မေ ၁ ရက်မှ စတင်အသက်ဝင်ခဲ့သည်ကို အတည်ပြုပေးခဲ့ကြောင်း၊ RCEP သဘောတူစာချုပ်အပြင် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်၊ အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုဒေသဆိုင်ရာ သဘောတူစာချုပ် (ACFTA) နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေပါ အကာအကွယ်ပေးရေးနှင့် လွယ်ကူချောမွေ့စေရေး အစီအမံများကြောင့် မိမိတို့နှစ်နိုင်ငံအကြားအပြင် ဒေသတွင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကိုပါ ခိုင်ခိုင်မာမာတိုးမြှင့်ဆောင်ရွက်သွားနိုင်လိမ့်မည်ဟု ယုံကြည်မိကြောင်း။

ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်ရန် အခွင့်အလမ်းများစွာ ရှိ

တရုတ်နိုင်ငံကကြီးမှူးဆောင်ရွက်နေသည့် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု ဦးဆောင်ဦးရွက်ပြုမှု အစီအစဉ် (Global Development Initiatives-GDI) တွင်ပါဝင်သည့် ဦးစားပေးနယ်ပယ်ရှစ်ခုတွင် မြန်မာနိုင်ငံနှင့် ကိုက်ညီသည့် ကဏ္ဍများစွာ ပါဝင်နေသောကြောင့် မိမိတို့မြန်မာနိုင်ငံသည် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်ရန် အခွင့်အလမ်းများစွာရှိသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် တရုတ်မိတ်ဖက် စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံ၌ လုပ်ငန်း လည်ပတ် လုပ်ဆောင်ရာတွင် လွယ်ကူချောမွေ့စေရန် ရည်ရွယ်၍ ကုန်သွယ်မှု၊ နယ်စပ်ငွေ လွှဲပြောင်း ပေးချေမှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာတွင် ယွမ်-ကျပ်တိုက်ရိုက်ငွေပေးချေမှုစနစ်ကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေးဂိတ် များမှတစ်ဆင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့ကို ယခုထက်ပိုမိုတိုးမြှင့်သွားလိုကြောင်း၊ ထို့ကြောင့် မိမိတို့၏ မိတ်ဖက်စီးပွားရေးလုပ်ငန်းရှင်များအတွက် အကျိုးခံစားခွင့်များနှင့် အခွန်ကင်းလွတ် သက်သာခွင့်များကို သိသာစွာပံ့ပို့ပေးထားသည့်အပြင် မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံ ကြသူများ၊ ကုန်သွယ်မှုဆောင်ရွက်သူများအတွက် နစ်နာမှုမရှိစေရေးအတွက်လည်း ကြိုးပမ်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ-တရုတ် စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဖွဲ့စည်း၍ လုပ်ငန်းများ မြန်ဆန်စွာ ဖွံ့ဖြိုးတိုးတက်စေရေး အကောင်အထည် ဖော်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ တရုတ်စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအဆင်ပြေစေရေး ယွမ်နှင့် တိုက်ရိုက်ရင်းနှီးမြှုပ်နှံနိုင်ရေး စဉ်းစားဆောင်ရွက်နေပြီး မကြာမီအချိန်အတွင်း အဖြေ ပေးနိုင်လိမ့်မည် ဖြစ်ကြောင်း။

သိသာသည့်ရလဒ်ကောင်းများ ဖြစ်ပေါ်လာစေမည်

လာမည့်ဒီဇင်ဘာလတွင် မြန်မာနိုင်ငံ၌ လွတ်လပ်ပြီးတရားမျှတသည့် အထွေထွေရွေးကောက်ပွဲ ပြုလုပ်မည်ဖြစ်ပြီး နိုင်ငံရေးတည်ငြိမ်မှုများ ပိုမိုအားကောင်းလာစေမည်ဖြစ်ကြောင်း၊ တည်ငြိမ်မှု ရှိလာသည်နှင့်အမျှ စီးပွားရေးဆောင်ရွက်မှု အခွင့်အလမ်းများလည်း ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ မြေပေါ်၊ မြေအောက် ရေသယံဇာတများ၊ လူသားအရင်းအမြစ်များနှင့် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းလိုက်မည်ဆိုပါက နှစ်နိုင်ငံအတွက် သိသာသည့် ရလဒ်ကောင်းများ ဖြစ်ပေါ် လာစေမည်ဖြစ်ကြောင်း။

မိမိအနေဖြင့် ယခုကဲ့သို့တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ စီးပွားရေးလုပ်ငန်းရှင်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် နှစ်နိုင်ငံအကြား များစွာအကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှု အလားအလာများကို မျှဝေဆွေးနွေးခွင့်ရရှိသည့်အတွက် အထူးပင်ဝမ်းမြောက်မိကြောင်း၊ မြန်မာနိုင်ငံ နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများအတွက် ယုံယုံကြည်ကြည်ဖြင့် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်အပ်ကြောင်း၊ ယခုတွေ့ဆုံဆွေးနွေးပွဲမှ တစ်ဆင့် နှစ်နိုင်ငံအကြားဆက်ဆံရေး ရေရှည်တည်တံ့ ခိုင်မြဲပြီး အနာဂတ်တွင် ပိုမိုကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသည့်ပုဂ္ဂိုလ်များနှင့် ရင်းနှီးမြှုပ်နှံ ထားသည့် ယူနန်ပြည်နယ်၊ စီချွမ်ပြည်နယ်၊ ချုံချင့်မြူနီစပယ်မြို့နှင့် ဟူနန်ပြည်နယ်တို့ရှိ တရုတ် ကုမ္ပဏီများမှ တာဝန်ရှိသူများက မန္တလေးငလျင်ကြီး လှုပ်ခတ်ပြီးချိန်၌ တရုတ်နိုင်ငံမှ အဖွဲ့အစည်းများ က အကူအညီပေးရေး လုပ်ငန်းများဆောင်ရွက်ခဲ့မှုနှင့် လေ့လာဆန်းစစ်ရေး လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့မှု၊ ငလျင်ဆိုင်ရာ ပြန်လည်ထူထောင်ရေးနှင့် နေရောင်ခြည် စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံလိုမှု၊ ပို့ကုန်သွင်းကုန်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံမှ ချမှတ်ထားသည့်မူဝါဒများအား သိရှိလိုမှု၊ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် ဒစ်ဂျစ်တယ် နည်းပညာများတွင် ပူးပေါင်းဆောင်ရွက်လိုမှု၊ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်စေရေး ယွမ်နှင့် တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုပေးစေလိုမှု၊ ရင်းနှီးမြှုပ်နှံမှုများအား အကာကွယ်ပေးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မှုကိုသိရှိလိုမှု၊ သွင်းကုန်လုပ်ငန်းများအတွက် ခွင့်ပြုချက်လိုင်စင်များ လျှောက်ထား ရာတွင် အချိန်ကာလကြာမြင့်မှုများဖြစ်ပေါ်နေမှုကို ဖြေရှင်းဆောင်ရွက်ပေးစေလိုမှု၊ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး လုပ်ငန်းများအတွက် လိုအပ်သည့် စက်ကိရိယာအသုံးအဆောင်ပစ္စည်းများ တင်ပို့လိုမှု၊ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံစီမံကိန်း လုပ်ငန်းစဉ်အား ဆက်လက်ဆောင်ရွက်သွားစေလိုမှု၊ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးအတွက် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လိုမှုအခြေအနေများနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးကြသည်။

မေးမြန်းဆွေးနွေးမှုများအပေါ် ခရီးစဉ်တွင် အဖွဲ့ဝင်များအဖြစ် လိုက်ပါသွားသည့် ဝန်ကြီးများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းပြောကြားရာတွင် ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိမှု၊ တင်ဒါလုပ်ငန်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိမှု၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများ တိုးတက်ဆောင်ရွက်လာမှု၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ လာရောက်ဆောင်ရွက်စေလိုမှု၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအတွက် လိုအပ်သည့် မြေနေရာများကို ခွင့်ပြုရာတွင်လည်း သတ်မှတ်ချက်များနှင့်အညီသာ ခွင့်ပြုပေးမှု၊ သတ်မှတ်ချက်များနှင့် ကိုက်ညီမည်ဆိုပါက မြေလွတ်မြေရိုင်းများကို မြန်မာနိုင်ငံ မြေလွတ် မြေလပ်နှင့် မြေရိုင်းများ ဥပဒေနှင့်အညီ ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိမှု၊ မြန်မာနိုင်ငံသို့ လာရောက်၍ ဆွေးနွေးမှုများကို ဆောင်ရွက်နိုင်မှု၊ ကုမ္ပဏီများတွင် နည်းပညာရှင်များအား သတ်မှတ်ထားသည့် နှုန်းထားများဖြင့် ပညာရှင်များကို ငှားရမ်းရန် မူဝါဒချမှတ်ထားမှု၊ မြန်မာနိုင်ငံမှထွက်ရှိသည့် ပေါ်ဆန်းမွှေးဆန်အား တရုတ်နိုင်ငံသို့ တင်ပို့နိုင်မှု၊ မြန်မာနိုင်ငံမှ အထည်ချုပ်လုပ်ငန်းများ အဆင့် မြှင့်တင်နိုင်ရေးအတွက် စက်ကိရိယာများ လိုင်စင်လျှောက်ထားခြင်းများ ဆောင်ရွက်ရာတွင် သွင်းကုန် များအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိမှု၊ စိုက်ပျိုးရေး လုပ်ငန်းများတွင် အသုံးပြုလျက်ရှိသည့် လယ်ယာသုံး စက်ကိရိယာများကို မိမိတို့နိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံပြီး ထုတ်လုပ်စေလိုမှု၊ စိုက်ပျိုးရေးထွက်ကုန်များ ပိုမိုတိုးတက်လာစေရေး လာရောက်ရင်းနှီး ဆောင်ရွက်စေလိုမှု၊ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံစီမံကိန်းလုပ်ငန်းစဉ်အား နှစ်နိုင်ငံပူးပေါင်း၍ ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြော ကြားကြသည်။

ဆွေးနွေးပြောကြားမှုများအပေါ် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ငလျင်ဘေးဒဏ်သင့်နေရာများ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ‌ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် တရုတ်ကုမ္ပဏီများနှင့် တည်ဆောက်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ စည်းကမ်းသတ်မှတ်ချက်များနှင့် ကိုက်ညီပါက လုပ်ငန်းများ ဆောင်ရွက်ခွင့်ပေးမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏အဆောက်အအုံများကို နိုင်ငံတော် အစီအစဉ်ဖြင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ ပုဂ္ဂလိက အဆောက်အအုံများနှင့် ပတ်သက်၍လည်း UMFCCI ဖြင့် ချိတ်ဆက်ပြီး ပူးပေါင်းဆောင်ရွက် နိုင်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ကုမ္ပဏီမှ ကြိုတင်ငွေများဖြင့် ဆောင်ရွက်မည်ဆိုပါကလည်း ခွင့်ပြုပေးနိုင်ကြောင်း၊ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်စေရေးအတွက် ယွမ်နှင့်တိုက်ရိုက်ရင်းနှီး မြှုပ်နှံနိုင်ရေး စီစဉ်လျက်ရှိကြောင်း။

ကျပ်ငွေဖြင့် တိုက်ရိုက်ပေးချေမှုများကို ခွင့်ပြုပေးနိုင်ရေး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပါက တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းပြီး အမြန်ဆုံး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သွင်းကုန် ပမာဏ ကန့်သတ်ချက်နှင့်ပတ်သက်၍ မိမိတို့နိုင်ငံ၏ ငွေကြေးများအား ပိတ်ဆို့ခံထားရမှုကြောင့် ယွမ်နှင့် ကျပ် တိုက်ရိုက်ပေးချေပြီး ဆောင်ရွက်သွားမည်ဆိုပါက လုပ်ငန်းများ ပိုမိုလျင်မြန်လာမည် ဖြစ်ကြောင်း ဖြည့်စွက်ဆွေးနွေးပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် မိမိတို့လာရောက်ခဲ့သည့် ခရီးစဉ်သည် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်အတွက် လာရောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် ထိစပ်နေသည့် ပြည်နယ်များနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်နိုင်ရေးအတွက် ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကုန်သွယ်မှု မြှင့်တင်မှုနှင့် ပတ်သက်၍ ယခုထက် ပိုမိုတိုးတက်အောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံမှ ထုတ်ကုန်ပစ္စည်းများအား တရုတ်နိုင်ငံသို့တင်သွင်းရန်နှင့် တရုတ်နိုင်ငံမှထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းများကို မြန်မာနိုင်ငံသို့တင်သွင်းရန်လိုကြောင်း၊ ထို့ကြောင့်မိမိတို့အနေဖြင့် ယွမ်နှင့်ကျပ် တိုက်ရိုက်ပေးချေနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံမှထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းများကို ဝယ်ယူပေးခြင်းအားဖြင့်လည်း တရုတ်နိုင်ငံမှထွက်ရှိသည့် ထုတ်ကုန် ပစ္စည်းများကို ဝယ်ယူနိုင်မည်ဖြစ်ကြောင်း။

မြန်မာနိုင်ငံတွင် မြေပေါ်မြေအောက်နှင့် ရေသယံဇာတများရှိကြောင်း၊ နယ်စပ်ကုန်သွယ်မှုများမှ တစ်ဆင့် နှစ်နိုင်ငံအပြန်အလှန် ပို့ကုန်ပစ္စည်းများ တင်ပို့နိုင်ခြင်းဖြင့် နှစ်ဖက်အကျိုးဖြစ်ထွန်း စေနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းစေရေး ဝိုင်းဝန်းဆောင်ရွက် ပေးကြစေလိုကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် ယွမ်ဖြင့်လာရောက်၍ ရင်းနှီးမြှုပ်နှံနိုင်ရန် ခွင့်ပြုနိုင်ရေး စီစဉ်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံမှထွက်ရှိသည့် သယံဇာတများကို ကုန်ကြမ်းများအဖြစ် ပြည်ပသို့တင်ပို့ခွင့်မပြုဘဲ ကုန်ချောသို့မဟုတ် တစ်ဝက်တစ်ပျက် ကုန်ချောအဖြစ်သာ တင်ပို့ခွင့်ပြုကြောင်း၊ ထို့ကြောင့် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံ မှုများကို ဆောင်ရွက်ကြစေလိုကြောင်း။

မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံထားသည့် ကုန်ထုတ်လုပ်ရေးလုပ်ငန်းများရှိ စက်ပစ္စည်း များအတွက် လိုအပ်သည့်သွင်းကုန်များကို ခွင့်ပြုပေးမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ရှိပြီးသားရင်းနှီး မြှုပ်နှံမှုများတွင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လိုပါကလည်း ခွင့်ပြုပေးသွားမည်ဖြစ် ကြောင်း၊ သက်ဆိုင်ရာကုမ္ပဏီများအလိုက် လာရောက် ဆွေးနွေးနိုင်ကြောင်း။

သဘာဝဝန်းကျင်ထိန်းသိမ်းမှုကို မထိခိုက်စေရန်အတွက် ပြည့်ဖြိုးမြဲစွမ်းအင်များ ထုတ်လုပ်နိုင်ရေး ဖိတ်ခေါ်ကြောင်း၊ အထူးသဖြင့်ဆိုလာလျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းများနှင့် ရေအားလျှပ်စစ် ထုတ်လုပ်ရေး လုပ်ငန်းများဆောင်ရွက်ရန် ဖိတ်ခေါ်ပါကြောင်း၊ လာရောက်ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ချိန်တွင် လုံခြုံရေးအရ အကာအကွယ်ပေးရေးအတွက်လည်း ဆောင်ရွက်ပေးထားကြောင်း၊ မိမိတို့နိုင်ငံတွင် ရွေးကောက်ပွဲပြီးဆုံးချိန်၌ တည်ငြိမ်အေးချမ်းမှုများ တိုးတက်လာမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ အေးအတူ ပူအမျှနိုင်ငံ၊ ဆွေမျိုးပေါက်ဖော်နိုင်ငံ၊ မဟာဗျူဟာ မိတ်ဖက်နိုင်ငံများဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအတွက် ယုံကြည်စိတ်ချရသည့် မိတ်ဆွေရင်းနိုင်ငံဖြစ်သကဲ့သို့ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် ယုံကြည်စိတ်ချရသည့် မိတ်ဆွေရင်းနိုင်ငံဖြင့် ရဲရဲတင်းတင်း လာရောက်ရင်းနှီးမြှုပ်နှံကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌက တရုတ်စီးပွားရေးလုပ်ငန်းရှင်များ၊ စီးပွားရေးပညာရှင်များအား ရင်းရင်း နှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်