နေပြည်တော် စက်တင်ဘာ ၆
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်မြို့နယ်ရှိ ပြင်ဦးလွင်ခရိုင် အားကစားကွင်းကြံ့ခိုင်မှုအခြေအနေ၊ တင်းနစ်ကွင်း ၌ တင်းနစ်အားကစားသမားများ လေ့ကျင့်နေမှုနှင့် တိုက်ကွမ်ဒို အားကစားရုံ၌ မျိုးဆက်သစ် တိုက်ကွမ်ဒို အားကစားသမားများ လေ့ကျင့်နေမှုကိုလည်းကောင်း၊ ပြင်ဦးလွင်မြို့နယ် အားကစားကွင်း၌ ၂၀၂၅-၂၀၂၆ ခုနှစ် ကိုယ်ပိုင်ကျောင်းများ၏ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ မူလတန်းအဆင့် အမျိုးသား ဘောလုံးပြိုင်ပွဲ ကျင်းပယှဉ်ပြိုင်ကစားနေမှုကို လည်းကောင်း ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ထောက်ပံ့ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ် နောင်ချိုအားကစားကွင်း၊ မိုးလုံလေလုံ အားကစားရုံနှင့် နှစ်ထပ်ပွဲကြည့်စင်များ ကြံ့ခိုင်မှုအခြေအနေ၊ ရေလိုင်း၊ မီးလိုင်းများ သွယ်တန်း ထားရှိမှု၊ ရေစင်တည်ဆောက်ထားရှိမှုနှင့် မြက်ဖြတ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုက်နာဆောင်ရွက်ရန်လိုအပ်သည့် လုပ်ငန်းပိုင်းဆိုင်ရာများကို မှာကြားကာ မြို့နယ်အားကစားတာဝန်ခံထံ ကျောပိုးမြက်ဖြတ်စက်နှင့် လက်တွန်း မြက်ဖြတ်စက်များ ထောက်ပံ့ ပေးအပ်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့ရှိ နိုင်ငံပိုင်ငှားရမ်းထားသည့် ဟိုတယ်များကို ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဟိုတယ်အဆောက်အအုံများ၊ အခန်းများမွမ်းမံ ပြင်ဆင်ထားရှိမှု၊ ဧည့်သည်များ လာရောက်တည်းခိုနေထိုင်နေမှု၊ ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုများ ပေးနိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် သန့်ရှင်းသာယာလှပရေး ပြင်ဆင်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပြင်ဦးလွင်မြို့ကို ခရီးသွားမြို့တော်၊ အားကစား မြို့တော်၊ ပန်းမြို့တော်၊ ကျန်းမာရေးမြို့တော်၊ ကော်ဖီမြို့တော်ဖြစ်စေရေးအတွက် အကောင်အထည် ဖော်သည့် လုပ်ငန်းစဉ်များတွင် ဟိုတယ်လုပ်ငန်းဆောင်ရွက်သူများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


