ကဘူးလ် စက်တင်ဘာ ၇
အာဖဂန်နစ္စတန်နိုင်ငံရှိ ငလျင်ဒဏ်သင့်ဒေသများတွင် အသက်ရှင်ကျန်ရစ်သူများက ဘေးကင်းလုံခြုံသော သောက်သုံးရေရရှိရေးအတွက် ကြိုးပမ်းရုန်းကန်နေရဆဲဖြစ်ကြောင်း ကုလသမဂ္ဂ ကိုယ်စားလှယ်တစ်ဦးက အလေးပေးပြောကြားခဲ့သည်။
အာဖဂန်နစ္စတန်နိုင်ငံရှိ ကုလ သမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်၏ ဌာနေကိုယ်စားလှယ် စတီဖင်ရော့ဒရီစ်က ယမန်နေ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့သည်။
အာဖဂန်နစ္စတန် အရှေ့ပိုင်းတွင် ဩဂုတ် ၃၁ ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် လူပေါင်း ၂၂၀၅ ဦး သေဆုံးပြီး ၃၆၄၀ ဦး ဒဏ်ရာရရှိခဲ့သည်။
ငလျင်ဒဏ်ကို လူပေါင်း ၈၄၀၀၀ ခန့် ထိခိုက်ခံစားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
အဓိကရေအရင်းအမြစ် ၆၈ ခု ပျက်စီးပြီး ထောင်နှင့်ချီသော ပြည်သူများအတွက် ဘေးကင်းလုံခြုံသည့် ရေအရင်းအမြစ်များ ပြတ်တောက်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။
လက်ရှိတွင် ပြည်သူ ၂၀၀၀၀ ကျော်အတွက် ရိက္ခာအကူအညီများလက်ခံရရှိထားပြီး ကူးစက်ရောဂါ ဖြစ်ပွားမှုကို ကာကွယ်တားဆီးရန်အတွက် ရေသယ်ယူခြင်းနှင့် မိလ္လာသန့်ရှင်းရေး အထောက်အကူပြုပစ္စည်းများ တပ်ဆင်ဆောင်ရွက်ထားကြောင်း စတီဖင်ရော့ဒရီစ်က ပြောကြားသည်။
တာလီဘန်အစိုးရ၏ အုပ်ချုပ်မှုအောက်တွင် အမျိုးသားကယ်ဆယ်ရေးသမားများနှင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများက အမျိုးသမီးများအား တစ်နေရာမှ တစ်နေရာသို့ ပို့ဆောင်ခြင်း သို့မဟုတ် ဆေးကုသမှုပေးရန်တို့ကို ငြင်းဆိုလျက်ရှိကြောင်း ဒေသတွင်းမီဒီယာအချို့က သတင်းဖော်ပြသည်။
သို့သော် အမျိုးသမီးများအား အရေးပေါ်ဆေးကုသမှုခံယူခြင်းအပေါ် တားမြစ်ပိတ်ပင်သည့် အထောက်အထားများကို ယခုထိတိုင် မတွေ့ရှိကြောင်း စတီဖင်ရော့ဒရီစ်က ပြောကြားခဲ့သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


