ရန်ကုန် စက်တင်ဘာ ၇
၂၀၂၅-၂၀၂၆ ရာသီ MNL-2(ပထမတန်း) အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၄) ဒုတိယနေ့ကို စက်တင်ဘာ ၇ ရက်က တက္ကသိုလ်ကွင်း၌ ဆက်လက်ကျင်းပရာ ရန်ကုန်စီးတီးအသင်းက YB United အသင်းကို ရှစ်ဂိုးပြတ် အနိုင်ရခဲ့သည်။
ယခုရာသီ MNL-2 ခြေစစ်ပွဲအဆင့်မှ တက်ရောက်လာသည့် နှစ်သင်း တွေ့ဆုံခြင်းဖြစ်သော်လည်း ရန်ကုန်စီးတီးအသင်းက လက်ရွေးစင်ဟောင်းများဖြစ်သည့် စည်သူအောင်နှင့် ကျော်ဇင်လွင်အပြင် နိုင်ငံခြားသား ကစားသမားများလည်း ပါဝင်နေသောကြောင့် ပြိုင်ဘက်အသင်းထက် အသာရကာ ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်သည်။
ရန်ကုန်စီးတီးအသင်း ပွဲထွက်လူစာရင်းတွင် နိုင်ငံခြားသားကစားသမား လေးဦးအပါအဝင် လူစုံပါ၀င်ခဲ့ပြီး ပထမပိုင်းကတည်းက ခုနစ်ဂိုးပြတ် အနိုင်ရနေခြင်းဖြစ်သည်။ ပွဲအစ ၂ မိနစ်မှာပင် ထက်မြတ်လွင်က ရန်ကုန်စီးတီးအသင်းအတွက် အဖွင့်ဂိုး စတင်သွင်းယူပြီး ၁၈၊ ၂၆၊ ၃၂ မိနစ်တွင် မူဘာရက်က ဟက်ထရစ်၊ ၂၁၊ ၃၈ မိနစ်တွင် အသင်းခေါင်းဆောင် စည်သူအောင်၊ ၄၅ မိနစ်တွင် ယောကူဆီတို့က ဂိုးများသွင်းယူကာ ပထမပိုင်းအပြီးတွင် ခုနစ်ဂိုးပြတ် အနိုင်ရနေသည်။ ဒုတိယပိုင်း တွင် ရန်ကုန်စီးတီးအသင်းက ပွဲကိုထိန်းကစားသွားပြီး ၆၅ မိနစ်တွင် မျိုးဆက်အောင်က အဋ္ဌမမြောက် အနိုင်ဂိုးသွင်းယူခဲ့သည်။
ပွဲစဉ် (၄) နောက်ဆုံးပွဲအဖြစ် စက်တင်ဘာ ၈ ရက်တွင် တက္ကသိုလ်ကွင်း၌ ကချင်ယူနိုက်တက်အသင်းနှင့် မြဝတီအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း-ချစ်ကိုကို၊ ဓာတ်ပုံ-MNL


