ယူအက်စ်အိုးပင်း အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲအဖြစ် ကမ္ဘာ့နံပါတ်တစ် ဘယ်လာရုစ်တင်းနစ်မယ် အရွိုင်နာ ဆာဘယ်လင်ကာနှင့် ကမ္ဘာ့အဆင့် ၈ ရှိ အမေရိကန် တင်းနစ်မယ် အမန်ဒါအနီဆီမိုဗာတို့ စက်တင်ဘာ ၇ ရက်က ယှဉ်ပြိုင်ကစားခဲ့ရာ ဆာဘယ်လင်ကာက ၆-၃၊ ၇-၆ (၇-၃) ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ဖလားဆွတ်ခူးနိုင်ခဲ့သည်။ အသက် ၂၇ နှစ် အရွယ် ဆာဘယ်လင်ကာသည် ၂၀၁၄ ခုနှစ်က ဆီရီနာဝီလီယံနောက်ပိုင်း ယူအက်စ်အိုးပင်းဖလားကို နှစ်ကြိမ်ဆက်ဆွတ်ခူးနိုင်သော ပထမဆုံး တင်းနစ်မယ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။
၎င်းသည် ပြိုင်ပွဲတစ်လျှောက်တွင် မာဆာရိုဗာ၊ ကူဒါမီတိုဗာ၊ ဖာနန် ဒက်စ်၊ ဘူရှာ၊ ဗွန်ဒရိုယူဆိုဗာ တို့ကို အနိုင်ယူကျော်ဖြတ်နိုင်ခဲ့သလို ဆီမီးဖိုင်နယ်တွင်လည်း အမေရိကန်နိုင်ငံသူ ပီဂူလာကို ထပ်မံကျော်ဖြတ်ကာ ဗိုလ်လုပွဲသို့ ထိုက်ထိုက်တန်တန် တက်လှမ်းလာသူဖြစ်သည်။
ဆာဘယ်လင်ကာနှင့် အနီဆီမိုဗာတို့သည် ယခုပြိုင်ပွဲမတိုင်မီ ယှဉ်ပြိုင်ကစားခဲ့သည့် ဝင်ဘယ်ဒန်ပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် တွေ့ဆုံထားရာ အနီဆီမိုဗာက အနိုင်ယူကျော်ဖြတ်ပြီး နောက်ဆုံး ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့သည်။ သို့သော်လည်း အနီဆီမိုဗာသည် ယခုအကြိမ် တွေ့ဆုံမှုတွင် ထပ်မံအနိုင်ယူကျော်ဖြတ်နိုင်ခြင်းမရှိဘဲ ရှုံးပွဲကြုံတွေ့ကာ ဖလားဆွတ်ခူးခွင့် လွဲချော်ခဲ့ခြင်းဖြစ်သည်။
အောင်ဇော်


