ပုသိမ် စက်တင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၏ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပုသိမ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြိုင်ပွဲကျင်းပရေးနာယက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးလုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် လူမှုရေးရာဝန်ကြီးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် က အမှာစကားပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ဧရာဝတီတိုင်းဒေသကြီး၏ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အဖွင့်တေးသီချင်းဖြစ်သည့် “ရွှေခေတ်ရောက်ပြီ ဧရာဝတီ” တေးသီချင်းအား အဆိုပြိုင်ပွဲ ဝင်များနှင့် ပညာအလင်္ကာအဖွဲ့ကသီဆိုပြီး အကပြိုင်ပွဲဝင်များ၏ ကပြတင်ဆက်မှုကိုလည်းကောင်း၊ နိုင်ငံကျော် တေးရေးတေးဆိုပညာရှင် ဦးကေတုဝင်းထွဋ်၏ ခေတ်ဟောင်း/ ကာလပေါ် ဘာသာရပ်တွင် ပါဝင်သော ပြဋ္ဌာန်းတေးသီချင်း တစ်ပုဒ်ဖြစ်သည့် “ရောင်တော်ဖွင့်” တေးသီချင်းဖြင့် သီဆိုမှုကိုလည်းကောင်း၊ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲတွင် ကျေးလက်ရိုးရာအကဖြင့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ပါဝင်ယှဉ်ပြိုင် မည့် မြောင်းမြပညာရေးဒီဂရီကောလိပ်ယိမ်းအဖွဲ့၏ ကပြတင်ဆက်မှုကို လည်းကောင်း၊ အခြေခံပညာ (၁၅-၂၀) (အမျိုးသား)(အမျိုးသမီး) တစ်ဦးချင်းအက နှင့် အဆင့်မြင့်ပညာ(အမျိုးသား)(ဒိုးပတ်)အဖွဲ့လိုက် တို့၏ ဖျော်ဖြေမှုများကိုလည်းကောင်း ကြည့်ရှု အားပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၏ (၂၆)ကြိမ် မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အခြေခံပညာ (၁၅-၂၀) ( အမျိုးသမီး) ခေတ်ဟောင်း/ကာလပေါ်သီချင်းဖြင့် ပြိုင်ပွဲဝင်များ၏ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


