မိတ္ထီလာ စက်တင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ မြို့၌ (၁၄၂)ကြိမ်မြောက် သမိုင်းဝင် ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် မြန်မာ့ရိုးရာ လောင်းလှေပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ညနေ ၄ နာရီက ကျင်းပသည်။
အခမ်းအနားတွင် မြန်မာ့ရိုးရာ လောင်းလှေပြိုင်ပွဲ အမျိုးသား အငယ်တန်းပြိုင်ပွဲနှင့် အမျိုးသား အကြီးတန်းပြိုင်ပွဲ ဗိုလ်လုပွဲကို သမိုင်းဝင် ဖောင်တော်ဦးစေတီ တော်အနီး မိတ္ထီလာကန်ရေပြင်၌ကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦး၊ တာဝန်ရှိသူများနှင့် ဘုရားပွဲတော်လာသူများက ကြည့်ရှုအားပေးသည်။
ယင်းနောက် အမျိုးသမီးပြိုင်ပွဲတွင် ပထမဆုရ ရွှေလှိုင်းဖြူအသင်း၊ ဒုတိယဆုရ ကျော်ဇေယျာဟိန်း အသင်း၊ အမျိုးသားအငယ်တန်း ပြိုင်ပွဲတွင် ပထမဆုရ ကျော်ဇေယျာ ဟိန်းအသင်း၊ ဒုတိယဆုရ ကံကြီး မောင်အသင်း၊ တတိယဆုရ အလင်းသစ်အသင်း၊ အမျိုးသား အကြီးတန်းပြိုင်ပွဲတွင် ပထမဆုရ ဇာတိသွေးအသင်း၊ ဒုတိယဆုရ စတားမောင်မောင် အသင်းနှင့် တတိယဆုရ ဝါးတန်းအောင်ခန့် အသင်းတို့အား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက ဆုကလာပ်များ၊ ဆုငွေများနှင့် ဂုဏ်ပြုပစ္စည်းများကိုလည်းကောင်း၊ ပြိုင်ပွဲ ကျင်းပစဉ် ရေပြင်ကူညီကယ်ဆယ် စောင့်ရှောက်ရေး ဆောင်ရွက်ပေးခဲ့သည့် မျိုးဆက်သစ် မြတ်ပါရမီ လူမှုကူညီရေးအသင်းအား ဂုဏ်ပြုဆုငွေများကို လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ချမ်းသာ(မိတ္ထီလာ)


