နေပြည်တော် စက်တင်ဘာ ၈
ချမ်းမြသာစည်နှင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၆ ရက် ညနေ ၃ နာရီခွဲတွင် သတင်းအရ ချမ်းမြသာစည်မြို့နယ် မြို့သစ် (၄) ရပ်ကွက်၊ ၁၁၀ လမ်း x ၁၁၁ လမ်း၊ ၆၂ လမ်း၌ လမ်းလျှောက်လာသူ ချမ်းမြသာစည်မြို့နယ် မြို့သစ် (၄) ရပ်ကွက်နေ သက်ဇော်လင်း (ခ) ထွယ်အောင် (၂၈) နှစ်အား စစ်ဆေးရှာဖွေရာ ကက်တမင်း ၁ ကီလို (တစ်ကီလိုလျှင် ငွေကျပ်သိန်း ၄၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ်သိန်း ၄၀၀) ကို သိမ်းဆည်းရမိခဲ့သည်။
ထို့ပြင် ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၃ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် သတင်းအရ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် (၉၂) ရပ်ကွက် ကျွန်းရွှေဝါလမ်းတွင် လမ်းလျှောက်လာသူ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် (၉၄) ရပ်ကွက်နေ ထိန်လင်းမြတ် (ခ) ကိုထိန် (၃၈) နှစ်ထံမှ အိုက်စ် (မက်သ်အဖက်တမင်း) ၁၁ ကီလို (တစ်ကီလိုလျှင် ငွေကျပ်သိန်း ၂၅၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၂၇၅၀) ကို သိမ်းဆည်းရမိခဲ့သည်။
ကွင်းဆက်ဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ အိုက်စ် (မက်သ်အဖက်တမင်း) များကို ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူများဖြစ်ကြသည့် ပဲခူးတိုင်းဒေသကြီး ဥက္ကာမြို့သစ် (၃) ရပ်ကွက်နေ သူရကြည် (၃၉) နှစ်နှင့် မွန်ပြည်နယ် မုဒုံမြို့ စက်သစ်ရပ်ကွက်နေ ကြည်ဘုန်းထက် (၂၅) နှစ်တို့အား ညနေ ၃ နာရီ ခွဲတွင် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် (၉၄) ရပ်ကွက် ဘီ (၃) လမ်း၌ Toyota Hiace ယာဉ်နှင့်လည်းကောင်း၊ ညနေ ၄ နာရီခွဲတွင် သင်္ဃန်း ကျွန်းမြို့နယ် စံပြရပ်ကွက်နေ မမေမြတ်သင်းကြိုင် (ခ) ကိုကြိုင် (၂၈) နှစ် အားလည်းကောင်း၊ ည ၇ နာရီတွင် မြောက်ဥက္ကလာပမြို့နယ် (ဈ) ရပ်ကွက်နေ မအေးအေးမော် (ခ) မဝိုင်း (၄၉) နှစ် အားလည်းကောင်း၊ စက်တင်ဘာ ၄ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၂၀ တွင် မြောက်ဥက္ကလာပ မြို့နယ် (ဂ) ရပ်ကွက်နေ မျိုးမြင့်အောင် (၄၈) နှစ်အား (ဈ) ရပ်ကွက်တွင်လည်းကောင်း၊ မွန်းလွဲ ၂ နာရီခွဲတွင် လှည်းကူးမြို့နယ် ရဲမွန်တပ်မြို့နေ ဖြိုးမင်းခန့် (၄၀) နှစ်အား လှည်းကူးမြို့နယ် ဇီးပင်ဝဲရွာ၌လည်းကောင်း ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
သတင်းစဉ်


