ပေကျင်း   စက်တင်ဘာ   ၈

တရုတ်နိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်  ကုန်သွယ်မှုသက်တမ်း ၁၆  နှစ်ကြာရှိခဲ့ကာ    အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံအဖြစ် ရပ်တည်နေကြောင်း တရုတ်နိုင်ငံ    ကုန်သွယ်ရေးဝန်ကြီးဌာန  တာဝန်ရှိသူတစ်ဦးက စက်တင်ဘာ  ၈ ရက်တွင် ပြောကြားသည်။

တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ယခုနှစ် ပထမခုနစ်လအတွင်း ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ  ၅၉၇ ဘီလီယံရှိခဲ့ကာ ၈ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး   ရန်ဒေါင်က    ပြောကြားသည်။ 

တရုတ်နိုင်ငံမှ  လုပ်ငန်းရှင်များက  အာဆီယံနိုင်ငံများရှိ  အခြေခံအဆောက်အအုံစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံရန်  စိတ်အားထက်သန်လာကြပြီး ယခုနှစ် ဇူလိုင်လကုန်တွင် ယင်းစီမံကိန်းများမှ ဝင်ငွေ  အမေရိကန်ဒေါ်လာ  ဘီလီယံ ၄၈၀ အထိရရှိခဲ့သည်။

(၂၂)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို ယခုနှစ် စက်တင်ဘာ ၁၇  ရက်မှ  ၂၁  ရက် အထိ  တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  မြို့တော် နန်နင်းတွင်  ကျင်းပမည်ဖြစ်ပြီး  နိုင်ငံပေါင်း  ၄၅  နိုင်ငံမှ  လုပ်ငန်းပေါင်း ၃၂၀၀ ခန့်  ပါဝင်ပြသမည်ဖြစ်သည်။  

ယခုနှစ်  ကုန်စည်ပြပွဲတွင်  ဉာဏ်ရည်တု  နည်းပညာဆိုင်ရာထုတ်ကုန်နှင့်  အခြားကုန်ပစ္စည်းများကို  ပြသမည့် ပြခန်းများပါဝင်မည်ဖြစ်သည်။   တရုတ်နိုင်ငံသည် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သည့်အနေဖြင့်     အာဆီယံနိုင်ငံများမှ  တင်သွင်းမည့်  အပူပိုင်းဒေသသီးနှံများ၊  ကော်ဖီ၊  ရော်ဘာနှင့်   စားအုန်းဆီများကို  အများအပြားတင်သွင်းခွင့်ပြုမည်ဖြစ်ကာ    အာဆီယံနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်ရေး  ခိုင်မာစေရေးအတွက်  ဆောင်ရွက်မည်ဖြစ်ကြောင်း  ရန်ဒေါင်က  မှတ်ချက်ပြုပြောကြားသည်။

အာဆီယံနိုင်ငံများရှိ  ဒစ်ဂျစ်တယ်နှင့်  စိမ်းလန်းသောစီးပွားရေးကဏ္ဍအပါအဝင် အခြားသော ထွန်းသစ်စကဏ္ဍများတွင် တရုတ်နိုင်ငံ၏   ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရေးနှင့် စက်မှုနှင့် ထောက်ပံ့ရေး ကွင်းဆက်စီးဆင်းမှုထိန်းသိမ်းရေးအတွက်လည်း ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။           

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-စိုးသူရ