ဟင်္သာတ စက်တင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် မီးသတ်ဦးစီးဌာနက စာသင်ကျောင်းအခြေပြု မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ဟင်္သာတမြို့ တာငါးဆယ်မြောက်ရပ်ကွက် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ပြုလုပ်သည်။
အသိပညာပေးဟောပြော
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာန မီးသတ်ဦးစီးမှူး ဦးဥက္ကာဦးက ကျောင်းသား ကျောင်းသူများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရမည့်အချက်များနှင့် မီးလောင်မှုဖြစ်ပွားစေနိုင်သောအချက်များ၊ မီးသတ်ဆေးဘူးအသုံးပြုကာ ဖြုတ်၊ ချိန်၊ ညှစ် စနစ်ဖြင့် မီးငြှိမ်းသတ်ခြင်းများကို အသိပညာပေးရှင်းလင်းဟောပြောခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးလုံခြုံရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဥက္ကာဦး ဦးဆောင်သော သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များက ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူ ၂၀၀ ခန့်အား ဆီမီး(DCP)မီးသတ်ဆေးဘူးဖြင့် မီးလောင်ခြင်းအန္တရာယ်ကြုံတွေ့ပါက အရေးပေါ်မီးငြှိမ်းသတ်နိုင်ရန်ပြသပေးခြင်း၊ အဝတ်ရေစိုဖြင့် အရေးပေါ်မီးငြှိမ်းသတ်ပုံများကို သရုပ်ပြကာ လက်တွေ့သင်ကြားလေ့ကျင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဧရာဦးသာ


