ရန်ကုန်    စက်တင်ဘာ    ၈

၂၀၂၅-၂၀၂၆ ရာသီ MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၄) နောက်ဆုံးနေ့ကို စက်တင်ဘာ ၈ ရက်က တက္ကသိုလ်ကွင်း၌ ဆက်လက်ကျင်းပရာ မြဝတီအသင်းက ကချင်ယူနိုက်တက်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

ပြီးခဲ့သည့်ရာသီအပြီးတွင် MNL မှ တန်းဆင်းလာရသည့် မြဝတီအသင်းသည် ယခုရာသီ၌ ပုံစံကောင်းပြသနေပြီး လေးပွဲကစားရာတွင် တတိယမြောက်နိုင်ပွဲရရှိခဲ့သည်။ မြဝတီအသင်းသည် ပွဲအစ ၁၂ မိနစ်တွင် သွင်းယူသည့် ထက်လင်းအောင်၏ တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ကချင်ယူနိုက်တက်အသင်းမှာမူ ချေပဂိုးပြန်မသွင်းနိုင်သဖြင့် ယခုရာသီ ပထမဆုံးရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရသည်။ပွဲစဉ်(၄) အပြီးတွင် တက္ကသိုလ်အသင်းနှင့် မြဝတီအသင်းတို့က ၁၀ မှတ်စီ၊ ရန်ကုန် စီးတီးအသင်းနှင့် လက်ရှိချန်ပီယံ Chinland အသင်းတို့က ကိုးမှတ်စီ၊ ကချင်ယူနိုက်တက်အသင်းက ငါးမှတ်၊ Glory Goal အသင်းက နှစ်မှတ်ရရှိထားကာ ငွေကြယ်ပွင့်အသင်းနှင့် YB United အသင်း တို့မှာမူ အမှတ်မရသေးပေ။   

သတင်း - ချစ်ကိုကို

ဓာတ်ပုံ - MNL