ယူအက်စ်အိုးပင်း အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲအဖြစ် ကမ္ဘာ့နံပါတ်တစ် အီတလီတင်းနစ်အကျော်အမော် ဂျန်းနစ်ဆင်းနားနှင့် ကမ္ဘာ့နံပါတ်နှစ် စပိန်တင်းနစ် အကျော်အမော် ကားလို့စ်အယ်ကာရက်ဇ်တို့ပွဲစဉ် တွင် ကားလို့စ်အယ်ကာရက်ဇ်က အကြိတ်အနယ်ကစားကာ ၆-၂၊ ၃-၆ ၊ ၆-၁၊ ၆-၄ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ယူအက်စ်အိုးပင်းဖလားကို ဒုတိယအကြိမ်မြောက် ဗိုလ်စွဲနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဗိုလ်လုပွဲစဉ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် လာရောက်ကြည့်ရှုသောကြောင့် လုံခြုံရေးအစီအမံများ ထပ်တိုးချမှတ်ခဲ့သည့်အတွက် နာရီဝက်ခန့် နှောင့်နှေးကြန့်ကြာမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အသက် ၂၂ နှစ်အရွယ် အယ်ကာရက်ဇ်သည် ယူအက်စ်အိုးပင်းဆီမီးဖိုင်နယ်တွင် နာမည်ကြီး တင်းနစ်ကစားသမား ဒီဂျိုကိုဗစ်ကို အနိုင်ယူကျော်ဖြတ်ကာ နောက်ဆုံးဗိုလ်လုပွဲသို့ ထိုက်ထိုက်တန်တန် တက်လှမ်းလာသူဖြစ်သည်။ ၎င်းသည် ယခုပြိုင်ပွဲတွင် ယူအက်စ်အိုးပင်းဖလားကို ဆွတ်ခူးနိုင်ခဲ့သည့်အတွက် ဂရင်းဆလမ်းဆုဖလားကို ခြောက်ကြိမ်မြောက်ရရှိပြီး ဘော့ဂ်ပြီးနောက် ဒုတိယမြောက် အသက်အငယ်ဆုံးတင်းနစ်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
အဆိုပါဗိုလ်လုပွဲစဉ်မှာ ယခုနှစ်အတွင်း ဆင်းနားနှင့် အယ်ကာရက်ဇ်တို့အကြား သုံးကြိမ်ဆက်တွေ့ဆုံသည့် ဂရင်းဆလမ်း ဗိုလ်လုပွဲဖြစ်ကြောင်း သိရသည်။ အယ်ကာရက်ဇ်သည် ၂၀၂၃ ခုနှစ် စက်တင်ဘာလနောက်ပိုင်း တစ်ကျော့ပြန် ကမ္ဘာ့ နံပါတ်တစ် တင်းနစ်နေရာကို ပြန်လည်ရရှိတော့မည်ဖြစ်သည်။
အောင်ဇော်


