စက်တင်ဘာ ၉

 

ဆူဒန်နိုင်ငံအနောက်ပိုင်း ဂျီဘယ်မာရာဒေသရှိ ဝေးလံသောကျေးရွာတစ်ရွာ၌ ဩဂုတ်လနှောင်းပိုင်း မြေပြိုမှုအတွင်း သေဆုံးသူ ၃၇၅ ဦး ရှိလာကြောင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) က ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

 

ထိုအဖွဲ့က ၎င်း၏တရားဝင်ဖေ့ဘွတ်ခ်စာမျက်နှာတွင် တင်ထားသည့် ထုတ်ပြန်ချက်တွင် သဘာဝဘေးကြောင့် အခြားလူ ၁၅၀ မှာလည်း အိုးအိမ်မဲ့ဖြစ်ခဲ့ရသည်ဟု ပြောကြားထားသည်။

 

အဆိုပါမြေပြိုမှုသည် ဂျီဘယ်မာရာဒေသရှိ ဝေးလံသော တာဆင်ကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများက လူပေါင်း ၁၀၀၀ ကျော်ကို အသက်ကယ်ဆယ်မှုများ လုပ်ဆောင်ပေးခဲ့ကြောင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က ပြောကြားသည်။

 

တောင်ထူထပ်သောမြေမျက်နှာသွင်ပြင်နှင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကယ်ဆယ်ရေးဝန်ထမ်းများသည် မြည်းများကိုအသုံးပြု၍ ရိက္ခာများပို့ဆောင်ခဲ့ရကြောင်း၊ ထိုကျေးရွာသို့ရောက်ရှိရန် အလွန်ခက်ခဲကြောင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက မှတ်ချက်ပြုထားသည်။

 

မတ်စောက်ပြီး ရေနစ်မြုပ်နေသောလမ်းတစ်လျှောက်တွင် ကယ်ဆယ်ရေးလုပ်ဆောင်ရန် ၁၂ နာရီအထိ ကြာမြင့်ခဲ့သည်ဟု ထပ်လောင်းဖော်ပြထားသည်။

 

ထိုဒေသတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားကာ အရပ်သား ရာနှင့်ချီသေဆုံးခဲ့သည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို