စက်တင်ဘာ ၉

 

မက္ကဆီကိုနိုင်ငံအလယ်ပိုင်းတွင် ယမန်နေ့က ကုန်တင်ရထားတစ်စီးနှင့် ခရီးသည်တင် နှစ်ထပ်ဘတ်စ်ကားတစ်စီးတို့ တိုက်မိမှုဖြစ်ပွားရာ လူ ၁၀ ဦးထက်မနည်း သေဆုံးပြီး ၄၀ ကျော် ထိခိုက်ဒဏ်ရာရကြောင်း အာဏာပိုင်များက ပြောကြားသည်။

 

အဆိုပါယာဉ်တိုက်မှုသည် Atlacomulco-Maravatio ဗဟိုအဝေးပြေးလမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မီဒီယာများတွင် ဖော်ပြထားသည်။

 

အရေးပေါ်လုပ်ဆောင်ရေးအေဂျင်စီများ ယာဉ်တိုက်မှုဖြစ်ပွားရာနေရာသို့ ရောက်ရှိကာ ဒဏ်ရာရသူများကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း ထိုပြည်နယ်၏ အရပ်ဘက်ဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေး အေဂျင်စီက ပြောကြားသည်။

 

မက္ကဆီကိုနိုင်ငံရှိ မီးရထားလုပ်ငန်းမှ မတော်တဆမှုဖြစ်ပွားကြောင်း အတည်ပြုပြီးနောက် သေဆုံးသူများ၏ မိသားစုများအတွက် ဝမ်းနည်းကြောင်း ဖော်ပြခဲ့သည်။

 

ယာဉ်မတော်တဆမှုများ ဖြစ်ပွားခြင်းမှကာကွယ်ရန် ရထားလမ်းဆုံနေရာများတွင် ယာဉ်သွားလာမှု အမှတ်အသားများနှင့် ရပ်တန့်ရန်ပြသထားသည့် ဆိုင်းဘုတ်များအား အများပြည်သူများ လေးစားလိုက်နာကြရန် အာဏာပိုင်များနှင့် တာဝန်ရှိသူများပူပေါင်းဆောင်ရွက်ကာ တိုက်တွန်းနှိုးဆော်ထားကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အွန်လိုင်းဗီဒီယိုတစ်ခုတွင် မော်တော်ယာဉ်အများအပြားစောင့်ဆိုင်းနေသည့် လူစည်ကားရာ လမ်းတစ်ခုပေါ်တွင် နှစ်ထပ်ဘတ်စ်ကားသည် ရထားသံလမ်းကို ဖြည်းညှင်းစွာဖြတ်ကူးရာ ထိုရထားဖြင့် တိုက်မိသွားပုံကို ပြသထားသည်။

 

ဒေသတွင်းမီဒီယာများ၏ အဆိုအရ မက္ကဆီကိုပြည်နယ် ရှေ့နေချုပ်ရုံးသည် ယာဉ်တိုက်မှုဖြစ်ပွားရာနေရာမှ ရှောင်ထွက်သွားသောယာဉ်မောင်းကို ရှာဖွေရန်နှင့်  မတော်တဆမှု ဖြစ်ပွားရသည့် အခြေအနေများကို ဆုံးဖြတ်ရန် ကနဦးစုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

ကယ်ဆယ်ရေးနှင့် မှုခင်းဆိုင်ရာလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေချိန်တွင် လမ်းကြောင်းနှစ်ခုစလုံးရှိ အဝေးပြေးလမ်းမကြီးကို ပိတ်ထားသည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို